(က)-အားကစားတက္ကသိုလ်ဖွင့်လှစ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်နှင့် မည်သည့်အချိန် ကာလတွင် စတင်ဖွင့်လှစ်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင် အဖြစ်ကျင်းပ ပြီးသည့်နောက်ပိုင်း နေပြည်တော်တွင် အားကစားတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် လွှတ်တော် က ဆွေးနွေးအတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် သင်ကြားမည့့််သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာ အဆင့်မီရန် မြန်မာစာ၊ အင်္ဂလိပ်စာ နှစ်ဘာသာနှင့် ပြုစုသင့်ပါကြောင်း၊ အားကစားတက္ကသိုလ်က မွေးထုတ် ပေးလိုက်သော ပညာရှင်များကို အားကစားဘွဲ့၊ အားကစား မဟာဘွဲ့၊ အားကစားပါရဂူဘွဲ့များ အပ်နှင်းနိုင် သည့် အဆင့်အထိ သုတေသနပြုနိုင်ရန်၊ စာတွေ့၊ လက် တွေ့ကျွမ်းကျင် တတ်မြောက်သည့် ပညာရှင်များကို အားကစားသမား စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်သည့် အဖွဲ့အစည်းများတွင် အရာထမ်းများအဖြစ် တာဝန်ပေးနိုင်ရန်၊Professional နေရာများတွင် ဆောင်ရွက်နိုင်ရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ရေးတို့ကို ရည်မှန်းချက်ထားဆောင်ရွက်သင့်ပါကြောင်း၊ မြန်မာ့ရိုးရာအားကစားကိုလည်း ရေရှည် ထိန်းသိမ်းရာတွင် မိမိနိုင်ငံ၏မူပိုင်အားကစားနည်းများကို ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ် တီထွင်သော နည်းလမ်းများဖြင့်သာ ဖော်ထုတ်ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ အားကစားသည် စာတွေ့၊ လက်တွေ့ ညီညွတ်စွာပေါင်းစည်းဆောင်ရွက်ရသည့် ဘာသာရပ်ဖြစ်ပြီး ပြည်ပပညာရှင်များကိုပါခေါ်ယူ၍ သင်ကြားရေးလုပ်ငန်းကို မြှင့်တင်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊ အားကစားတက္ကသိုလ်များက ဆရာ ဆရာမများကို နိုင်ငံတကာအဆင့်မီ နိုင်ငံခြား အားကစားတက္ကသိုလ်များသို့ ပညာတော်သင်များစေလွှတ်ပြီး စာတွေ့၊ လက်တွေ့ကျွမ်းကျင်တတ်မြောက်အောင်လည်း လေ့ကျင့်ပေးသင့်ပါကြောင်း၊ ထို့ကြောင့် အားကစားတက္ကသိုလ်ဖွင့်လှစ်ရန် မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်၊ အားကစားတက္ကသိုလ်ကို မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်မည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။