(ဂ)-မိုးညို မြို့နယ်၊မြို့ပေါ်(၅)ရပ်ကွက်ရှိလျှပ်စစ်ဓာတ် အားစနစ်ကောင်းမွန်စေရန်ရန်ပုံငွေတောင်း ခံခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ မိုးညိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိပြီး လက်ရှိသုံးစွဲလျက်ရှိသော မီးတိုင်နှင့် လိုင်းကြိုးများသည် ပထမမြို့၊ ဒုတိယ မြို့မှ ပြောင်းရွှေ့အသုံးပြုရသည့် သံတိုင်များ၊ ကြိုးများ ဖြစ်သည့်အတွက် ယခုအခါ အောက်ခြေများ ဆွေးမြေ့နေခြင်း၊ သစ်သားချောင်းများ အစားထိုးရခြင်း၊ အချို့လမ်းမကြီးနှင့် လမ်းသွယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားရှိမှုမရှိခြင်း၊ အိမ်သုံး မီတာများ အတွက် Service ကြိုးကို ရှည်လျားစွာ သွယ်တန်းသုံးစွဲရခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ မိမိတို့ မိုးညိုမြို့ပေါ်တွင် ၄၀၀ ဗို့အားလိုင်း ၄၃၉ ခန်း၊ အရှည်ပေပေါင်း ၅၁၄၄၀ ပေ တိုးချဲ့တည်ဆောက်ခြင်း၊ လိုအပ်မည့်နေရာများတွင် ထရန်စဖော်မာများ တပ်ဆင်ပေးခြင်းလုပ်ငန်းများ လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် တွေ့ဆုံပွဲတွင် မိမိတို့ မြို့နယ် အထောက်အကူဥက္ကဋ္ဌ ဦးဌေးမြင့်မှ တင်ပြခဲ့ရာတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ စိစစ်ဆောင်ရွက်ပေးသွားမည်ဟုသိရှိရပါကြောင်း။ ထို့ကြောင့် မိမိတို့ မိုးညိုမြို့နယ် မြို့ပေါ် (၅)ရပ်ကွက် ဓာတ်အားစနစ်ကောင်းမွန်စေရန် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ချထားပေးရေးရန်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်းမေးမြန်းပါသည်။