(ခ)-ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးအတွက် မည်ကဲ့သို့ဆက်သွယ်ဆောင်ရွက်ရမည်နှင့် ခန့်မှန်း ကုန်ကျစရိတ်မည်မျှရှိမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာမှ သာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျေးလက်ဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိရေးများ အပြင် လျှပ်စစ်မီး ရရှိရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်၏ ထောက်ပံ့မှုဖြင့် လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်ဆက်စပ်ပြီး လျှပ်စစ်မီးရရှိရေးကို ဆောင် ရွက်ပေးသည်ကိုလည်း တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသလျှပ်စစ်မီး တပ်ဆင်လိုပါက မည်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်ရမည်။ အကွာအဝေးပေါ်မူတည်၍ တိုင်၊ ကျွန်းနှင့် ဆက်စပ်ပစ္စည်းများ၊ လုပ်အားခများ၊ ထရန်စဖော်မာအားအလိုက် ကုန်ကျမည့် အသေးစိတ်တွက်ချက်မှုများနှင့် နိုင်ငံတော်မှ ထည့်ဝင်သည့် ငွေ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ချေးငွေစသည့်အတိုးများကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။