(ဃ)-ရန်ကုန်ဆေးရုံကြီးအဆင့်မြှင့်ပြုု ပြင်မွမ်းမံခြင်း ကိစ္စနှင့်စပ်လျဉ်းပြီးမည်သည့်ပုဂ္ဂိုလ်များနှင့် မည်သို့ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်မည်နှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-19

ဦးမင်းဆွေ(ဒိုက်ဦး)ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၏ (၁၂)ရက်မြောက်နေ့တွင် ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူမှီခိုအားထားရသော ရန်ကုန် ဆေးရုံကြီးအား ပြုပြင်မွမ်းမံပြီး အဆင့်မြင်‌့ဆေးရုံကြီးတစ်ခုဖြစ်မြောက်ရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေး ရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်သည့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပေးပါရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပါကြောင်း၊ ထိုသို့  ဖွဲ့စည်း ဆောင်ရွက်ပါက ပံ့ပိုးပေးမည့်  ကတိကဝတ်ခံထားပြီးသား အဖွဲ့အစည်းများ၊ တိုင်းပြည်များ၊ ပုဂ္ဂိုလ်များရှိသည်ကိုလည်း ရှင်းလင်း တင်ပြခဲ့ သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် ယင်းအဆိုသည် အောင်မြင်ပြီး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေသည်မှာ နှစ်နှစ်ကျော်သွားပြီ ဖြစ်ပါ ကြောင်း၊       ထို့ကြောင့် (၁) ရန်ကုန် ဆေးရုံကြီး အဆင့်မြှင့်ပြုပြင်မွမ်းမံဖို့အတွက် ကူညီရန် ကတိကဝတ်ခံထားသည့် အဖွဲ့အစည်းများ၊ တိုင်းပြည်များ၊ ပုဂ္ဂိုလ်များသည် မည်သူတွေဖြစ်သည်နှင့် မည်မျှအထိ ကူညီနေကြသည်ကိုလည်းကောင်း။ (၂) ယခုအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင် မွမ်းမံ တည်ဆောက်နေသည်မှာ မည်သည့်အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုနှင့် ဆောင်ရွက်နေသည်ဆိုသည်ကို လည်းကောင်း။ (၃) နိုင်ငံတော်ပိုင်ပစ္စည်းကို ပြုပြင်ရာတွင် ဝန်ကြီး ဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ခြင်းကြောင့် နိုင်ငံတကာ ကူညီထောက်ပံ့ငွေများရရှိခဲ့ပါက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ မည်သို့ညှိနှိုင်းဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။