(ဂ)-သံလွင်မြစ်ပေါ်တည်ဆောက်မည့်ရေအားလျှပ် စစ်စီမံကိန်းများတွင်ငလျင်နှင့်ဆက်နွယ်သောဘေး အန္တရာယ်များကျရောက်နိုင်မှုနှင့်ပတ်သက်၍ ပြည် သူများနှင့်ပညာရှင်များလက်ခံနိုင်အောင်ဆွေးနွေး ညှိနှိုင်းခြင်းများ ပြုလုပ်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
သံလွင်မြစ်သည် ဆည်ပိတ်ခြင်းမခံရသေးသော ကမ္ဘာ့ရှည်လျားသောမြစ်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ သံလွင်မြစ်တစ်လျှောက်တွင် တာတမံပေါင်း ၃၃ခုနှင့် မြန်မာနိုင်ငံတွင် ငါးခုရှိသည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာနှင့် နိုင်ငံတကာပညာရှင်မျာ ထောက်ပြဝေဖန်ချက်များကို ပြီးခဲ့သည့်နှစ်ကုန်တွင် မော်လမြိုင် တက္ကသိုလ်၊ ချင်းမိုင်တက္ကသိုလ်နှင့် ပြည်တွင်းပြည်ပ မီဒီယာများမှ ပညာရှင်များမှ ပြောဆိုနေသည်ကို သိရှိရပါကြောင်း၊ သံလွင်မြစ်ဝှမ်းဒေသကြီးတစ်ခုလုံးသည်လည်း ငလျင်ကြီးများ လှုပ်နိုင် သည့် ဒေသတစ်ခုဖြစ်သည့်အပြင် ရှမ်းကုန်းမြေမြင့်သည် မြန်မာနိုင်ငံ၏ ငလျင်အများဆုံးလှုပ်သည့် နေရာ တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတွေရဲ့သမိုင်းတစ်လျှောက်မှာ စက်ကိရိယာမှတ်တမ်းအရ ပမာဏအကြီး ဆုံးဖြစ်သည့် မေမြို့ငလျင် ကြီးသည်လည်း ဒုဋ္ဌဝတီမြစ်အနီး ကျောက်တန်းပြယုဒ်ပေါ်တွင်လည်းကောင်း၊ ၁၉၉၅ ခုနှစ်က ကျိုင်းတုံဒေသတွင် ၇.၅ ပမာဏခန့်ရှိ ငလျင်သည်လည်းကောင်း၊ ၂၀၀၄ ဆူမားဒရား၊ ဆူနာမီရေကြီးစဉ်က ရှမ်းပြည်နယ်(တောင်းပိုင်း)၊ နမ့်စန်ဒေသတွင် ငလျင်ပေါင်း ၁၀၀ ကျော်သည် လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် လူအသေအပျောက်များသော တာလျင်ငလျင်သည်လည်းကောင်း ရှမ်းကုန်း မြေမြင့်မှာပင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
သက်ဆိုင်ရာစီမံကိန်းအကောင်အထည်ဖော်သူများအနေဖြင့် တာတမံကြီးများ မပျက်စီးစေရန် တတ်နိုင်သမျှ စဉ်းစားတွက် ချက်မည်ဖြစ်သော်လည်း မည်မျှထိ အသေးစိတ်လေ့လာသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေပါ ကြောင်း၊ လေ့လာမှုအားနည်း၍ ငလျင်ကြီးတစ်ခုဖြစ်ပြီး အင်မတန်ကြီးမားသော ဆည်ကြီးတစ်ခု ကျိုးပြတ်မည် ဆိုပါက အဆိုပါဒေသရှိ တိုင်းရင်းသား ဒေသခံများသည် အင်မတန်ဆိုးရွားသော သေကြေ ပျက်စီးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကြုံတွေ့ရမည်ဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ကို ခံရခြင်းမရှိလျှင်တောင် မြင့်မားသော တောင်တန်းများ ကာရံထားသည့်ဒေသများတွင် မြေပြိုတောင်ပြိုမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း။ တရုတ်ပြည် ငလျင်လှုပ်ခတ်စဉ်က တောင်များပြိုခြင်း၊ ဆည်ပျက်ခြင်းများ ရှိခဲ့သည့်အတွက် အဆိုပါကိစ္စများအတွက်ပါ ပြင်ဆင်ထားခြင်းရှိမရှိကိုလည်း သိရှိလိုပါကြောင်း။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းများထက် ငလျင်နှင့် ဆက်နွယ်သော သဘာဝဘေးအန္တရာယ်များ၊ စီမံကိန်းတစ်ခုက တစ်ခုအပေါ် ဆင့်ကဲ သက်ရောက်နိုင်သည့် အန္တရာယ်များ၊ အိမ်နီးချင်းနိုင်ငံ၏ ယခုနှစ်တွင် တည်ဆောက်မည့် စီမံကိန်းများမှ မိမိနိုင်ငံသားများအပေါ် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်မျးအပေါ် ဒါတွေအပေါ် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများမှ လုံလောက်သော လေ့လာပြင်ဆင်မှုများ ထားရှိခြင်း ရှိ/မရှိ၊ အများပြည်သူလက်ခံနိုင်အောင် ရှင်းလင်းတင်ပြ ဆွေးနွေးမှုများနှင့် သက်ဆိုင်ရာပညာရှင်များ၏ လက်ခံမှုများ ရရှိအောင် မည်သို့ဆောင်ရွက်ထားသည့်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။