(ဃ)-ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုး တက်လာနိုင်စေရန်အတွက် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် Anti Dumping Tax, Safe Guard Tax များကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှပြဋ္ဌာန်းကောက် ခံရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတကာတွင် ကုန်စည်များ လွတ်လပ်စွာစီးဆင်းပြီး စားသုံးသူများအတွက် ကုန်စည် များလွယ်လင့်တကူ ရရှိနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအဖွဲ့ (WTO)ကို ဖွဲ့စည်းတည်ထောင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း WTO အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ပါဝင်လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်သောကြောင့် အကောက်ခွန်နှုန်းထားများနှင့် ပတ်သက်၍ သဘောတူညီချက်များကို လိုက်နာကျင့်သုံး ရမည့်နည်းတူ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု စီးပွားရေးဇုန်(AFTA) တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးဖြစ်၍ ၎င်းသဘောတူညီချက်များအတိုင်း လိုက်နာ ကျင့်သုံးရမည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံချင်း ကုန်သွယ်မှုပြုလုပ်ရာတွင် အကောက်ခွန်နှုန်း ထားများ ကို သုညရာခိုင်နှုန်းထိ လျော့ချပေးရန် လိုအပ်လာပါကြောင်း၊
ယခုနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရာ၌ ယခင်ကဲ့သို့ ကာကွယ်ပေးမှုသည် ပြည်တွင်းပြည်ပ ခွဲခြားဆက်ဆံရာရောက်ပါသဖြင့် ပြန်လည်ပြင်ဆင်ပြီး ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများကို ပြည်တွင်းပြည်ပပစ္စည်းများ အားလုံးတစ်ပြေး ညီပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ရခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန်ဖြင့် ကာကွယ်ပေး နိုင်ခြင်း မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော် ယနေ့ နိုင်ငံတကာတွင် သဘောတူညီချက်များအရ ကုန်စည်များ လွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် သဘောတူညီပေးခဲ့သော်လည်း အောက်ပါအခြေ အနေများကိုမူ ချွင်းချက်အဖြစ်သတ်မှတ်ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊ (၁) Anti Dumping Tax Measure၊ (၂) Safeguard Tax Measure စသည်ဖြင့် မိမိနိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် အကာအကွယ်မှုများ လက်ခံကျင့်သုံးနေသည်ကို တွေ့ရှိရပါကြောင်း၊
သို့ပါ၍ မိမိတို့နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်၊ မိမိနိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မိမိနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အလို့ငှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Anti Dumping Tax Measure နှင့် Safe Guard Tax Measure များကို ဆောင်ရွက်ရန်ရှိ/မရှိနှင့် ဆောင်ရွက်ရန်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။