(ဃ)-ရွှေကူမြို့နယ်၊ရေလဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲကို အခြေခံပညာအထက် တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရွှေကူမြို့နယ်၊ ရေလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသည် ရွှေကူမြို့နယ်ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ ရွှေကူမြို့နှင့် ဧရာဝတီမြစ်ခြားလျက် တည်ရှိပါကြောင်း၊ ရေလဲကျေးရွာအုပ်စုနှင့်ဆက်စပ်နေသော အနီးစပ်ဆုံးကျေးရွာအုပ်စု ခြောက်အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၁ ရွာ ရှိပါကြောင်း၊ အဆိုပါကျေးရွာ အုပ်စု ခြောက်အုပ်စုတွင် အခြေခံပညာ အလယ်တန်းကျောင်းခွဲ ၃ ကျောင်း၊ အခြေခံပညာမူလွန် ကျောင်း ၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ခုနစ်ကျောင်းရှိပြီး မူလတန်းကျောင်းများမှ စတုတ္ထတန်းအောင်မြင်လာသောအခါ ရေလဲအထက်တန်းကျောင်းခွဲသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ ၃ ကျောင်းမှ အဋ္ဌမတန်းအောင်မြင်လာသောအခါ ရေလဲအထက် တန်းကျောင်းခွဲသို့လည်းကောင်း တက်ရောက်ပညာသင်ကြားရသဖြင့် ရေလဲကျေးရွာ အထက်တန်း ကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးစေလိုကြောင်း၊ အဆိုပါ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အထက်တန်း အဆင့် ကျောင်းသူကျောင်းသားပေါင်း ၁၇၅ ဦး၊ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားပေါင်း ၄၃၄ ဦး၊ မူလတန်းအဆင့်ကျောင်းသူကျောင်းသားပေါင်း ၂၉၅ ဦးရှိပြီး စုစုပေါင်း ကျောင်းသူ ကျောင်းသားပေါင်း ၉၀၄ ဦးရှိသည့်အတွက် ရွှေကူမြို့နယ်၊ ရေလဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ။ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။