(ခ)-မန်တုံမြို့နှင့်မန်တုံမြို့နယ်အရှေ့ဘက်ခြမ်းဒေသ နမ့်ဟိုင်း ကျေးရွာသို့ ကျေးရွာချင်းဆက်လမ်း ဖောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ မန်တုံမြို့နယ်သည် (တအောင်း)ပလောင်တိုင်းရင်းသား (PSLA) ငြိမ်းချမ်းရေးရယူပြီးနောက် ၁၉၉၁ ခုနှစ်တွင် နမ္မတူမြို့နယ်မှ ခွဲထွက်ပြီး မြို့သစ်အဖြစ် သတ်မှတ်ထားသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ နမ္မတူမြို့မှ ၃၇ မိုင်၊ နမ့်ဆန်မြို့မှ ၃၈ မိုင်ကွာဝေးပြီး ယခင်က သွားလာရေးခက်ခဲသောမြို့ဖြစ်သော်လည်း ယနေ့ ဒီမိုကရေစီ အစိုးရလက်ထက်တွင် မန်တုန်-နမ္မတူလမ်းကို အဆင့်မြှင့်တင်ထားပြီးဖြစ်သဖြင့် သွားလာမှု ပိုမိုလွယ်ကူလာပြီဖြစ်ပါကြောင်း၊ မန်တုံမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ အသစ် ဖောက်လုပ်ပေးခြင်း ထပ်မံလိုအပ်လျက်ရှိပါကြောင်း၊ မန်တုံမြို့၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး အချက်အခြာကျသော ကျေးရွာကြီးတစ်ရွာဖြစ်သော နမ့်ဟိုင်းကျေးရွာသို့ သွားရောက်လိုပါက မန်တုံမြို့မှ နမ္မတူမြို့သို့ ၃၇ မိုင်၊ နမ္မတူမြို့မှ နမ့်ဟိုင်းကျေးရွာသို့ ၂၈ မိုင် စုစုပေါင်း ၆၅ မိုင်ကွာဝေးပါကြောင်း၊ မန်တုံမြို့မှ မန်တုံမြို့နယ်အတွင်းရှိ နမ့်ဟိုင်းကျေးရွာသို့ တိုက်ရိုက်သွားရောက်နိုင်သော ကျေးရွာချင်းဆက် ကားလမ်းမရှိသေးပါကြောင်း၊ မန်တုံမြို့နယ်မှ အရှေ့ဘက်ခြမ်းဒေသဖြစ်သော နမ့်ဟိုင်းကျေးရွာသို့ တိုက်ရိုက်ကားလမ်း ဖောက်လုပ်ပေးမည်ဆိုပါက ကျေးရွာအုပ်စု ၆ အုပ်စု၊ ကျေးရွာပေါင်း ၁၂ ရွာ ဖြတ်သန်းသွားလာရမည်ဖြစ်ပြီး ခန့်မှန်း ၄၉ မိုင်ရှိပြီး အိမ်ခြေ ၄၆၇ လုံး၊ လူဦးရေ ၃၉၅၉ ဦး တိုက်ရိုက်အကျိုးခံစားခွင့်ရမည်ဖြစ်ပါကြောင်း။
တောင်ပေါ်ဒေသဖြစ်သည့်အလျောက် သာမန်ကျေးရွာချင်းဆက်လမ်းအဆင့်မဟုတ်ဘဲ လမ်းအူကြောင်းကို တတ်နိုင်သလောက် ပညာရှင်များနှင့် စနစ်တကျတိုင်းတာပြီး လမ်းပုံစံ၊ ဒီဇိုင်းရေးဆွဲပြီးမှ ဖောက်လုပ်ရန် လိုအပ်ပါကြောင်း၊ အတက်အဆင်းမတ်စောက်ခြင်း၊ အကွေ့အကောက် များပြားခြင်းတို့ကြောင့် အတတ်နိုင်ဆုံး၊ အနည်းဆုံးဖြစ်မှသာ ဘေးကင်းလုံခြုံစိတ်ချရပြီး စီးပွားရေး၊ လူမှုရေးတို့ကို အမှန်တကယ် အကျိုးပြုသော ကျေးရွာချင်းဆက်ကားလမ်း ဖြစ်ပါကြောင်း၊ နမ္မတူမြို့သို့ ၃၇ မိုင်၊ ၎င်းမြို့မှတစ်ဆင့် မန်တုံမြို့နယ် အရှေ့ဘက်ခြမ်းရှိ နမ့်ဟိုင်းဒေသသို့ ၂၈ မိုင် စုစုပေါင်း ၆၅ မိုင်ဝေးသောခရီးကို သွားလာရခြင်းဒုက္ခမှ ကင်းဝေးသွားမည် ဖြစ်ပါကြောင်း၊ အချိန်ကုန်၊ လူပင်ပန်း သက်သာစွာသွားနိုင်မည့်အပြင် မန်တုံမြို့မှ အရှေ့ဘက်ခြမ်း နမ့်ဟိုင်းဒေသကြားရှိ ကျေးရွာများမှဒေသခံပြည်သူများ လူမှုစီးပွားရေး ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မန်တုံမြို့နှင့် မန်တုံမြို့နယ်အရှေ့ဘက်ခြမ်းဒေသ နမ့်ဟိုင်းကျေးရွာသို့ စနစ်တကျ လမ်းအူကြောင်းဒီဇိုင်းရေးဆွဲပြီး ဖောက်လုပ်ထားသော ကျေးရွာချင်းဆက်လမ်းကို ၎င်းဒေသရှိပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ဖောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။