(ခ) -နိုင်ငံသားစိစစ်ရေးကတ်များနှင့် ပတ်သက်၍ မိုးပွင့်စီမံချက် ချမှတ်ကာ မိုးပွင့်အဆင့် (၁) မှ (၇) အထိပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုချင်းစီအလိုက် မည်ကဲ့သို့အကုန်အကျခံ ဆောင်ရွက်ပေးခဲ့သည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များကို မိုးပွင့်စီမံချက်ချမှတ်ကာ အဆင့်ဆင့်သော လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူများက လူအား၊ ငွေအားတို့ဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ပြည်သူများသည် ယခင်ကထက် အဆင်ပြေစွာ နိုင်ငံသားစိစစ်ရေးကတ်တို့ကို ရရှိခြင်းဖြင့် အောင်မြင်မှုရရှိလျက်ရှိပါကြောင်း၊ ထို့အပြင် စနစ်သစ် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသော ပြည်သူတို့ကို အချိန်မီအကြောင်းကြားနိုင်စေရန်နှင့် မိသားစုတစ်စုချင်းနှင့် မိသားစုဝင်တစ်ဦးချင်းတို့၏ ကိုယ်ရေးအချက်တို့ကို တိကျစွာထည့်သွင်းပြီး မပျောက်ပျက်စေရန် သိမ်းဆည်းနိုင်ရေးတို့အတွက် လူအား၊ ငွေအား စိုက်ထုတ်သုံးစွဲကာ e-File Management System တို့ကို တီထွင်ဆောင်ရွက်လျက်ရှိနေသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ e-File Management System ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ကုန်ကျစရိတ်တို့ကို မည်ကဲ့သို့ ဆောင်ရွက်ပေးခဲ့သည်နှင့် လိုအပ်သောဝန်ထမ်းများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ။ နိုင်ငံတော်မှ မိုးပွင့်အဆင့်(၁)မှ မိုးပွင့်အဆင့်(၇)အထိ ဆောင်ရွက်ပေးခဲ့ရာတွင် လုပ်ငန်းလိုအပ်ချက်အရ နေ့စားဝန်ထမ်းများ ခန့်ထားတာဝန်ပေးအပ်ခဲ့ခြင်းရှိ/မရှိ။ ရှိပါက မည်သည့်နှုန်းထားဖြင့် နေ့စားဝန်ထမ်းမည်မျှ ခန့်ထားတာဝန်ပေးအပ်ခဲ့ပြီး နေ့စားဝန်ထမ်းစရိတ် စုစုပေါင်း မည်မျှသုံးစွဲခဲ့သည်နှင့် မိုးပွင့်စီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော သက်ဆိုင်ရာဌာနများအနေဖြင့် အထွေထွေကုန်ကျစရိတ်များကို နိုင်ငံတော်က မည်ကဲ့သို့ အကုန်အကျခံ ဆောင်ရွက်ပေးခဲ့သည်ကို မိုးပွင့်အဆင့်(၁)မှ မိုးပွင့်အဆင့်(၇)အထိ အဆင့်အလိုက် ပြည်နယ်/ တိုင်းဒေသကြီး တစ်ခုချင်းစီအတွက် သိရှိလိုကြောင်း မေးမြန်းပါသည်။