(ဂ)-ကျောင်းကျန်းမာရေး လုပ်ငန်းများ မည်သို့ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းနှင့် ကျန်းမာရေးသီတင်းပတ်ရောက်မှဆောင်ရွက်သည် မျိုးမဟုတ်ဘဲအမြဲတမ်းဆောင်ရွက်နိုင်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန် ထူးချွန်ထက်မြက်ပြီး ကျန်းမာရေးနှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်သည် အလွန်အရေးကြီးလှ ပါကြောင်း၊ ကျန်းမာသန်စွမ်းသော အရင်းအမြစ်များ၊ မျိုးဆက်သစ်များ မွေးထုတ်ရန်အတွက် ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍ သြဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများနှင့် ပညာရေးကောလိပ်လေ့ကျင့်ရေးကျောင်းများတွင် နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို လေ့လာသိရှိရပါကြောင်း၊ ကျောင်းမှန်မှန်တက်ပြီး စာသင်ရက်မပျက်စေရေးအတွက် ကျန်းမာဖွံ့ဖြိုးဉာဏ်ရည် တိုးစေရန် ကျောင်း ကျန်းမာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို ကျောင်းတစ်ကျောင်းချင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီ လိုက်နာဆောင်ရွက် ရန်လိုသကဲ့သို့ ဆရာ၊ မိဘနှင့် ပတ်ဝန်းကျင်ကလည်း ဝိုင်းဝန်းကူညီပံ့ပိုးရန်လိုအပ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်ရောက်မှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အမြဲတမ်းဆောင်ရွက်နေရန်လည်း လိုအပ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်း ပတ်ရောက်လျှင် ကျောင်းကျန်းမာရေးလုပ်ငန်းကို ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ် လုပ်ငန်း ဆောင်ရွက်မှုများ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူများကိုယ်တိုင် ကျန်းမာခြင်း၏ တန်ဖိုးကို သိရှိနားလည်ပြီး အလေးထားလိုက်နာဆောင်ရွက်ခြင်း၊ မျိုးဆက်သစ်များ ကျန်းမာကြံ့ခိုင် ပညာရည်မြင့်မားသော နိုင်ငံသားကောင်းများ ပေါ်ထွန်း လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းကျန်းမာ ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်နိုင်ရန် မည်သည့်ရည်ရွယ်ချက်များနှင့် မည်သို့အကောင် အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ ကျောင်းကျန်းမာရေးသီတင်းပတ်ရောက်မှ ဆောင်ရွက်ခြင်း မဟုတ်ဘဲ အမြဲတမ်းဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။