(ခ)-ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မင်းသီရိ လမ်းမှဦးဘတုနှင့်ဦးကျော်မင်းပါ(၂၈)ဦး၏ မြေယာ သိမ်းဆည်းခံရမှုအတွက်နစ်နာမှုကိုကုစားပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အမှတ်(၁)ရပ်ကွက် မင်းသီရိ လမ်းကို ၁၉၉၆ ခုနှစ်တွင် ပုလောမြို့နယ် တစ်ဖက်ကမ်းသို့ တံတားဖောက် လုပ်ရန် မြို့ပြနှင့် ဆောက်လုပ်ရေးမှ မြေယာများကိုသိမ်း ဆည်း၍ အိမ်ခြေ များကို ဖယ်ရှားခဲ့ရာတွင် နေအိမ်အဆောက်အဦများကို မြေကွက် အစားထိုး ပေးခြင်းနှင့် အိမ်တန်ဖိုး လျော်ကြေးများကို ပေးအပ်ခဲ့ကြောင်း၊ သို့သော် ပုလော မြို့နယ် တစ်ဖက်ကမ်း အမှတ်(၁)ရပ်ကွက် မင်းသီရိလမ်းရှိ ဦးဘတု၊ ဦးကျော်မင်းပါ အိမ်ထောင်စု ၂၈ စုသည် လျော်ကြေးငွေများရရှိခြင်း မရှိပါကြောင်း၊ ဦးဘတု ပိုင်ဆိုင်သော ဥယျာဉ်ခြံ မြေကိုလည်း ထပ်မံသိမ်းဆည်း၍ အထက်ဖော်ပြပါအိမ်ထောင်စု ၂၈ စုအား အစားထိုး ပေး၍ ကျန်ရှိသော ဦးဘတုပိုင် လယ်ယာများကို လမ်းဖောက်လုပ်ခြင်း၊ မြေကွက်များကို အိမ်ရာအကွက်ရိုက် ရောင်းစား ခြင်းများကို ပြုလုပ်ခဲ့ ပါကြောင်း၊ ဦးဘတု၊ ဦးကျော်မင်းတို့အနေဖြင့် လက်ရှိအိမ်နေရာကို ဖျက်ဆီး ပြောင်းရွှေ့ခြင်းခံရပြီး လျော်ကြေးနှင့် အစားထိုးမြေမရရှိသည့်အပြင် မိမိပိုင် လယ်မြေ၊ ဥယျာဉ်ခြံမြေများ ထပ်မံဆုံးရှုံးခြင်း၊ ကျန်ရှိသော လမ်းမဖက် ကျသည့် မြေယာများကို အိမ်ရာကွက်ရိုက်၍ ရောင်းချခြင်းများ ခံခဲ့ရပါ ကြောင်း၊ ထို့ကြောင့် ဦးဘတု၊ ဦးကျော်မင်းအပါအဝင် အိမ်ထောင်စု ၂၈ စုအား အစားထိုးမြေကွက်နှင့် လျော်ကြေးငွေများ ပေးရန်၊ အကွက်ရိုက် ရောင်းစားခြင်း ခံနေရသည့် ဦးဘတု၊ ဦးကျော်မင်း ပိုင်ဆိုင်သည့် လယ်ယာ ဥယျာဉ် မြေများအတွက် မည်သို့ အရေးယူ ဆောင်ရွက်ပေး၍ အိမ်ထောင်စု ၂၈ စုအတွက် နစ်နာမှု လျော်ကြေးနှင့်တကွ အကွက်ရိုက် ရောင်းစား နေခြင်း ခံရနေသည့်ကိစ္စကို တာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိတို့ကို မေးမြန်းပါသည်။