(က)-ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီဂေါက်ကွင်းအ တွက်သိမ်းယူထားသောလယ်မြေများကိုမူလပိုင် ရှင် တောင်သူများထံသို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
အထောက်အထားများရှိသည့် တောင်သူ ၃၇ ဦး ပိုင်ဆိုင်လုပ်ကိုင်ခဲ့သည့် ဧက ၁၀၀ နီးပါးကို တစ်နေ့ လူ ၁၀ ယောက်သာလျှင် အပန်းဖြေခံစားရန်အတွက် ၂၀၀၄ ခုနှစ်မှ စတင်သိမ်းဆည်းခဲ့ခြင်းဖြစ် ပါကြောင်း၊ မြေသိမ်းမိန့်နှင့် သိမ်းဆည်းထားခြင်းမျိုးလည်း မဟုတ်ပါကြောင်း၊ လျော်ကြေးဆိုပြီး လယ်မြေ ၁၂.၂၂ ဧကအတွက် ၅၀၀၀၀ နှုန်း၊ ယာမြေ ၇၅.၅ ဧကအတွက် ၃၀၀၀၀ နှုန်းကို ခွဲပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ အမှန်တကယ် ဂေါက်ကွင်းအတွက် အသုံးပြုသည်မှာ ၂၅ ဧကခန့်သာရှိပါကြောင်း၊ ကျန်ရှိသည့်မြေများကို သိမ်းဆည်းခံရသည့် တောင်သူများက တစ်ဧကကို ၃၀၀၀၀ နှုန်းဖြင့် ဆက်လက် သီးစားချသီးစားပြန်ယူ လုပ်ကိုင်နေရပါကြောင်း။
မိမိတို့ ပြည်ထောင်စု လွှတ်တော်တွင်၂၀၁၂ ခုနှစ်ကတည်းက တင်ပြတိုင်ကြား ထားသော်လည်း ပြန်လည် ရရှိခြင်းမျိုး၊ စုံစမ်းစစ်ဆေးပြီးမှ လာရောက်ပေးသည့် တစ်စုံတရာဖြေရှင်းမှုမျိုး မရှိသေးပါကြောင်း၊ သို့ပေမယ့် သီးစားချလုပ် ကိုင်နေခြင်းကြောင့် ပေးရှိရသည့် ၃၀၀၀၀ မပေးရတော့ဘဲ ၎င်းအတိုင်း လုပ်ကိုင်ခွင့် ရရှိနေခြင်းဖြစ်ပါကြောင်း၊ အမှန်တကယ် ဥပေဒနှင့်အညီ ဖြေရှင်းထားခြင်းမျိုး မဟုတ်ပါကြောင်း၊ ပြဿနာကို အမှန်တကယ်မဖြေရှင်းဘဲ မသိနားမလည်သည့် မိမိတို့၏ တောင်သူများကို နစ်နာအောင် လုပ်မည်ဆိုသည့် ပုံစံမျိုးလည်း ဖြစ်နေပါကြောင်း၊ မိမိအနေဖြင့် ဂေါက်ကွင်းအတွက် သိမ်းထားသည့် မြေများကို မူလပိုင်ရှင်တောင်သူများအား ပြန်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။