(က)-ရွှေကူမြို့နယ်၊ရွှေချောင်းသာရွာနှင့်နောင်မိုကျေး ရွာ တို့တွင် ကျေးလက် ကျန်းမာရေးဌာနခွဲတစ်ခုစီ ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း
ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ရွှေချောင်းသာကျေးရွာအုပ်စုသည် ရွှေကူမြို့နယ်ဆေးရုံနှင့် ၅ မိုင်ခန့်၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ၁၂ မိုင်၊ ရေလှည်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၂ မိုင်ခန့် ကွာဝေး ပါကြောင်း၊ ရွှေချောင်း သာကျေးရွာအုပ်စုသည် ဧရာဝတီမြစ်၏ အလယ်တည့်တည့်ရှိ ကျွန်းများဖြစ်ပြီး ရေလမ်းခရီးကိုသာ အဓိကထား သွားလာရပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးပြီး မိခင်နှင့် ကလေးမွေးလူနာများအတွက် ဆက်သွယ်ရေးခက်ခဲကြမ်းတမ်းသဖြင့် မဖြစ်သင့်သည်များ မကြာခဏ ကြုံတွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ရွှေချောင်းသာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် ကျေးရွာနေပြည်သူ များက တင်ပြတောင်းဆိုလာ ပါကြောင်း၊ ရွှေကူမြို့နယ်၊ နောင်မိုကျေးရွာအုပ်စုသည် ဧရာဝတီမြစ်၏ ဒုတိယမြစ်ကြီး၌တည်ရှိပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲပြီး ဧရာဝတီမြစ်လမ်းကိုသာ အသုံးပြု၍ သွားလာနေရပါကြောင်း၊ နောင်မိုကျေးရွာအုပ်စုတွင် နောင်မွန်ရွာ၊ ဇင်းဘုံရွာ၊ ကျောက်ပြန့်စခန်း၊ ဝဲမစခန်း၊ စပါးထိုးစခန်းဟူ၍ အစုလိုက် အလုပ်သမားစခန်းများ တည်ရှိပါကြောင်း၊ နောင်ဘိုကျေးရွာသည် ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းတွင် တည်ရှိ၍ ရွှေကူမြို့ ဆေးရုံနှင့်ရေမိုင် ၂၀ ကျော်၊ မြို့ကုန်းကျေးလက်ကျန်းမာရေးဌာနနှင့်မိုင် ၂၀၊ သင်္ဘောအင်း ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၃ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဧရာဝတီမြစ်ကျဉ်း တောင်များကြားတွင် တည်ရှိနေပြီး တစ်နှစ်ပတ်လုံး ဧရာဝတီမြစ်ကိုသာ ဆက်သွယ်ရေးလမ်းမကြီးအဖြစ် အသုံးပြုနေရ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါသဖြင့် နောင်မိုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု ဖွင့်လှစ်ပေးမှသာ ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေချောင်းသာအုပ်စု၊ ရွှေချောင်းသာရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း၊ (၂) ရွှေကူမြို့နယ် နောင်မိုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။