(ဂ)-၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု အဆင့် ကျန်းမာရေးဝန်ကြီးဌာန၏ကျပ်သိန်း(၂၀၀)တန်ဆေး ခန်း(၂)ခု၏ခွင့်ပြုငွေကိုတိုင်းဒေသကြီးမှဖြတ်တောက် လိုက်ခြင်းနှင့်ဝန်ကြီးဌာနအလိုက်ခွင့်ပြုငွေအား(၉) လတာကာလမျှ အသုံးမပြုဘဲ ရှိနေခြင်းတို့နှင့် စပ် လျဉ်းသည့် မေးခွန်း

2020-12-19

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးမြှင့်တင်မှုကော်မတီ၏ ခွင့်ပြုချက် အရ ရွှေပြည်သာမြို့နယ်တွင် ဆေးခန်း ၂ ခု ခွင့်ပြုမိန့်ရရှိခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ၁၀၃ ပုဒ်မခွဲ (က) မှ (စ) အရ ပြည်ထောင်စုလွှတ်တော်၏ ပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာနှစ်တွင် သုံးစွဲရမည်ဖြစ် ပါကြောင်း၊ သို့သော် မတ်လတွင် ခွင့်ပြုပေးသော ဆေးခန်း၂ ခုသည် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတင်းအစအန မရသည့်အတွက် မိမိအနေဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ကုန်တွင် ကမ္ဘာ့မေကုမ္ပဏီက ဗီနိုင်း ၂ ခု လာချိတ်ပါသဖြင့် မိမိအနေဖြင့် သွားရောက်မေးမြန်းရာ ၂၆-၁-၂၀၁၅ ရက်နေ့တွင် သူတို့အား တင်ဒါပေးသည်ဟု သိရှိရပါကြောင်း၊ မိမိတို့မြို့နယ်တွင် ယင်းဆောက်လုပ်ရေးလုပ်ငန်း ၂ ခုလုံးသည် မြေသားလုပ်ငန်းသာ လုပ်နိုင်ပြီး ဘတ်ဂျက်နှစ်လည်းကုန်သွားပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပေးလိုက်သော လုပ်ငန်းများသည် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပြီး တိုင်းဒေသကြီးက ဖြတ်တောက်သည့် အစီအစဉ်များရှိ/မရှိ၊ ရှိခဲ့ပါက ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ၊ မည်သို့အရေးယူဆောင် ရွက်ထားသည်ကို သိရှိလိုကြောင်း၊ (၂) နှစ်စဉ်မတ်လတွင် ခွင့်ပြုလိုက်သော ငွေများကို ဒီဇင်ဘာလအထိ ဆောင်ရွက်ခြင်းမပြုဘဲ ၉ ကျော် ၁၀ လခန့် ခွင့်ပြုငွေကို အသုံးမပြုဘဲထားသည်ကို သိရှိမှုရှိ/မရှိ၊ မည်သို့ထိန်းသိမ်းပြီး မည်သူ့တွင် တာဝန်ရှိသည်ကို သိရှိလိုပါကြောင်း၊ (၃) ယခုကဲ့သို့ လုပ်ငန်းစီမံကိန်းများ ဖြစ်ပျက်နေသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် သိရှိမှုရှိ/မရှိ၊ သိရှိပါက မည်သို့အရေးယူထားသည်နှင့် နောင်မဖြစ်စေရန် မည်သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုကြောင်း မေးမြန်း ပါသည်။