(ခ)-ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာ အုပ်စု နယ်မြေတွင် ကြက်ဆူစိုက်ပျိုးရန် မြေအဖြစ် သတ် မှတ်၍သိမ်းယူခဲ့သော မြေဧက(၅၅၁)ဧကကိုမူလ ပိုင်ရှင်များက ပြန်လိုချင်ကြောင်း တင်ပြလာခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးအောင်ကြိုင် (ညောင်ဦး မဲဆန္ဒနယ်)မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာအုပ်စု ညောင်လှကျေးရွာမှ တောင်သူ ၂၈ ဦးမှ မိမိထံသို့ တင်ပြထားသည့် ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာအုပ်စု ကွင်းအမည် ဝက်သကျ၊ ကွင်းအမှတ် (၁၃၂၉)နှင့် ကွင်းအမည် အင်ပင်ကန်၊ ကွင်းအမှတ်(၁၃၃၀)အတွင်းရှိ မြေဧက ၅၅၁ ဧကကို ညောင်ဦးမြို့နယ် သမဝါယမအသင်းမှ ကြက်ဆူပင်များ စိုက်ပျိုးမြေအဖြစ် သတ်မှတ်၍ သိမ်းယူခဲ့ပါကြောင်း၊ ယခုအခါ ကြက်ဆူပင်များ အောင်မြင်ဖြစ်ထွန်းမှုမရှိသဖြင့် တောင်သူများအနေဖြင့် ပြန်လည်စိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိပါက သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်ပြီး ဝင်ငွေတိုးလာနိုင်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုနိုင်ကြောင်း တင်ပြလာပါသည်။ ထို့ကြောင့် မေးခွန်း(၁) ဖော်ပြပါမြေဧက ၅၅၁ ဧကကို မူလပိုင်ရှင်များဖြစ်သော တောင်သူများထံ ပြန်လည်ပေးနိုင်ခြင်းရှိ/မရှိနှင့် မေးခွန်း(၂) မပေးနိုင်ပါကမည်သည့် အကြောင်းကြောင့် မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။