(က)-ရေး- ထားဝယ်- မြိတ်- ကော့သောင်းလမ်း (AH-112) ကို မည်သည့်အချိန်တွင်အကောင် အထည်ဖော်ဆောင်ရွက်မည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးအောင်စိုး (လောင်းလုံး)

ဦးအောင်စိုး (လောင်းလုံး)တနင်္သာရီတိုင်းဒေသကြီးသည်  ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည်နှင့်အညီ ရေး- ထားဝယ်-မြိတ်-ကော့သောင်း ကား လမ်းမကြီး သည်လည်း တနင်္သာရီတိုင်း၏ တစ်ခု တည်းသော လမ်းမကြီးဖြစ်သကဲ့သို့ နိုင်ငံတော်၏ ပြည်ထောင်စုလမ်းမကြီးလည်း ဖြစ် ပါကြောင်း၊ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ မြို့နယ်ရှိသည့်အနက် ၈ မြို့နယ် သည် ပြည်ထောင်စု လမ်းမကြီး ပေါ်တွင်တည်ရှိပြီး ပြည်သူများသည် လည်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာတွင် နေထိုင်လာခဲ့ကြပါကြောင်း၊  ယခင်ကလမ်းမကြီး၏ နယ်နိမိတ်သည် ပေ ၁၀၀ ဟုဆိုသော်လည်း တချို့နေရာများရှိ မြို့တွင်းလမ်းများသည် ပေ ၅၀ ဝန်းကျင်ခန့်သာ ကျယ်ဝန်းပါကြောင်း။

ယနေ့အချိန်တွင် ပြည်ထောင်စုလမ်းမကြီးကို ပြုပြင်ခြင်း၊ ကတ္တရာထပ်ပိုးခြင်း၊ လမ်းချဲ့ခြင်းများ ပြုလုပ်ပေးလာသကဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ        အကြောင်းကြားစာ များမှာ ၎င်းလမ်းသည် (AH-112) လမ်းဖြစ်ပြီး လမ်းနယ် နိမိတ် ပေ ၃၀၀ ရှိကြောင်းနှင့် လမ်းနယ်နိမိတ်အတွင်းရှိ ကျူးကျော်အိမ်ရာများ၊ ဆိုင်ခန်းများနှင့် အခြားအဆောက်အဦများ ထပ်မံတိုးချဲ့မှုမရှိစေရန်၊ လက်ရှိတည်ရှိ ပြီးဖြစ်သော အဆောက်အဦနှင့် အိမ်ရာများရှင်းလင်းဖယ် ရှားဆောင်ရွက်သွားရန် အစီအစဉ်များပါရှိပါကြောင်း၊ ထို့ကြောင့် လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်စီတွင် နေထိုင်ကြသော ပြည်သူများသည် မည်သည့်အချိန်တွင် ၎င်းတို့၏အိမ်ရာများ ရှင်းလင်းဖယ်ရှားခံရမည်ကို စိုးရိမ်သောက ဖြစ်နေကြပါကြောင်း။

ထို့ကြောင့် အဆိုပါလမ်းမကြီးနှင့်ပတ်သက်၍ ပြည်သူများမနစ်နာစေရန် လမ်း၏နယ် နိမိတ်အကျယ်အဝန်းကို မြို့တွင်း/မြို့ပြင်၊ ကျေးရွာတွင်း/ကျေးရွာပြင်ပတို့တွင် မည်သို့သတ်မှတ်ထားရှိသည်ကို သိရှိလိုပါကြောင်းနှင့်  စတင်မည့်အချိန်နှင့် ပြီးဆုံးမည့်ဘဏ္ဍာရေးနှစ်တို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။