(က)-ရွှေတိဂုံစေတီတော်ဩဝါဒစရိယဆရာတော် ကြီးများအဖွဲ့ ဖွဲ့စည်းရာတွင် ကျမ်းဂန်တတ် မွန် ဆရာတော်များကိုလည်း ထည့်သွင်းဖွဲ့စည်းပေး ရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီးက အများဖူးမြော်ကြည်ညိုနိုင်ရန်အလို့ငှာ ဒဂုံဟု အမည်တွင်သောမြို့ရှိ သိမ်ငုတ္တရကုန်းတော်ပေါ်တွင် မွန်ဘာသာဖြင့် ကျိုက်တဂေါင်း (ရွှေတိဂုံစေတီ) ကို တည်ထားကိုးကွယ်ခဲ့ပါကြောင်း၊ ၎င်းစေတီတော်မြတ်ကြီးအား မွန်မင်းအဆက်ဆက်နှင့် ဗမာမင်းတို့က ပြုပြင်ကိုးကွယ်လာကြပြီး သြဝါဒစရိယဆရာတော်ကြီးများ အဖွဲ့ကိုလည်း ခေတ်အဆက်ဆက်ဖွဲ့စည်းထား ရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာမွန်ဘုန်းတော်ကြီးကျောင်းပေါင်း ၅၀ ခန့်ရှိပြီး သီလ၊ သမာဓိ၊ ပညာ၊ အကျင့်သိက္ခာနှင့် ပြည့်စုံ၍ မွန်၊ ဗမာ၊ ပါဠိစာပေများတို့ကိုလည်းကောင်း၊ ပရိပတ္တိ၊ ပရိယတ္တိကျမ်းဂန်များတို့ကို လည်းကောင်း ကျွမ်းကျင်စွာတတ်မြောက်ပြီး နိုင်ငံတကာမှဘွဲ့ထူး၊ ဂုဏ်ထူးများ ကိုပင် ဆွတ်ခူးရရှိထားသော ဆရာတော်ကြီးများလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရွှေတိဂုံစေတီတော်အကြောင်းအရာနှင့် စပ်လျဉ်းပြီး ရှေးဟောင်းမွန်စာပေများ၊ မြန်မာစာပေများကို မွန်-ဗမာသံဃာတော်များတို့က စုပေါင်းဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပါက ရလဒ်ကောင်းများရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွှေတိဂုံစေတီတော်မြတ်၏ သြဝါဒစရိယဆရာတော်ကြီးများအဖွဲ့ကို ဖွဲ့စည်းရာတွင် ကျမ်းဂန်တက် မွန်ဆရာတော်ကြီးများကိုပါ ထည့်သွင်းဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။