(က)-အာဆင်းနစ်ကင်းလွတ်သောသောက်သုံးရေ တွင်း(တွင်းနက်) များအား အာဆင်းနစ်ကင်းလွတ် သည့် သောက်သုံးရေများ ရရှိစေရန် မည်သို့သော အစီအမံဖြင့် တူးဖော် ဆောင်ရွက်ပေးသည်ကိုသိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျောင်းကုန်းမြို့နယ်အတွင်းရှိ သောက်သုံးရေတွင်းများတွင် အာဆင်းနစ် ပါဝင်မှု ရာခိုင်နှုန်းများပြားသည့်အတွက် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် မေးခွန်း မေးမြန်းခဲ့ရာ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ အထူးကိစ္စတစ်ရပ်အနေဖြင့် ငွေကုန်ကြေးကျခံ လုပ်ရန်ဖြစ်သော ကိစ္စဖြစ်၍အမြန်ဆုံးနှင့် အချိန်သတ်မှတ်ပြီးဆောင်ရွက် စေရန် မှတ်ချက်ပြု ထားမှုခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေတွင် ကျောင်းကုန်း မြို့နယ်အတွင်းရှိ ကျေးရွာ ၆၅ ရွာ၌ စက်ရေတွင်း ၆၉ တွင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၁၁ ရွာ၌ စက်ရေတွင်း ၁၁၉ တွင်းတို့အား လျာထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားမှုအရ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တွင်းနက် ၇၁ တွင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တွင်းနက် ၁၂၃ တွင်းတို့ အား ချထားပေးခဲ့ပါကြောင်း၊
အဆိုပါသောက်သုံးရေတွင်း တွင်းနက်တို့အား တင်ဒါစနစ်ဖြင့် တူးဖော်ပေးရာတွင် တချို့ ရေတွင်းများသည် ရေအသုံးပြုရန်ပင် အသင့်မဖြစ်သေးခြင်း၊ အာဆင်းနစ်ဓာတ် ကင်းလွတ် နိုင်ခြင်း မရှိခြင်းများကြောင့် သောက်သုံးရန်ပင်မသင့်သော ရေတွင်းများဖြစ်နေပါကြောင်း၊ ရေအရင်းအမြစ်မှ တူးဖော်ပေးသည့် သောက်ရေများတွင် အနည်းဆုံး ပေ ၆၀၀ မှ ၁၀၀၀ ပေခန့်တူးသည့်အတွက် သောက်သုံးရေသန့်များရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပါကြောင့် (၁) အထူးကိစ္စတစ်ရပ် အနေဖြင့် ချထားပေးသော သောက်သုံးရေတွင်း တွင်းနက်များဖြစ်၍ အနည်းဆုံးအနက်ပေ မည်မျှ တူးဖော်ရမည်ကိုလည်းကောင်း၊ (၂) တူးပြီးသောရေတွင်းများရှိ သောက်သုံးရေများအား အာဆင်းနစ် ဓာတ်နှင့် အခြားမလိုလားအပ်သော ဓာတ်များပါဝင်မှုအား တွင်းတစ်တွင်းခြင်းအလိုက် မည်ကဲ့သို့ စစ်ဆေးပေးနိုင်မည်နှင့် ဝန်ကြီးဌာနအနေဖြင့် တာဝန်ခံစစ်ဆေးပေးနိုင်ခြင်းရှိ/မရှိ ကိုလည်းကောင်း၊ (၃) သောက်သုံးရန်မသင့်ပါက တာဝန်ခံတူးသည့်အဖွဲ့များမှ သောက်သုံးနိုင်သည့်အဆင့်အထိ ပြန်လည် တူးဖော်ပေးနိုင်ခြင်းရှိ/မရှိ ကိုလည်းကောင်း၊ (၄) သောက်သုံးရေတွင်း တွင်းနက် တစ်တွင်း လျှင် ဘတ်ဂျက်ခွင့်ပြုချက် ဖြင့် ၉.၉၃၅ သန်း ခွင့်ပြုထားသည့်အတွက် သုံးသည့်ပိုက် အရေအတွက် အသုံးပြုသည့် စက် မြင်းကောင်ရေအင်အားများကိုလည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။