(က) - ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ သက္ကယ်သောင်ကျေးရွာအုပ်စုအပိုင်ရေလယ်ခုံ(သဲခုံ ကြီး)တွင်ကျော်လွှမ်းမိုးနှင့်ညီအစ်ကိုများကုမ္ပဏီမှငါး၊ ပုစွန်၊ဂဏန်းမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း
ရေလယ်ခုံကြီးဆိုသည်မှာ သက္ကယ်သောင် နာဂစ်မုန်တိုင်းမတိုက်မီက သက္ကယ်သောင်၏ ရပ်ကွက်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ၎င်းနေရာသည် မိမိတို့ ဒေသခံတောင်သူများ ရေလုပ်ငန်းနှင့် အသက်မွေးပြီး လုပ်ကိုင်စားသောက်ကြရသည့် နေရာ လည်းဖြစ်ပါကြောင်း၊ မုန်တိုင်းဒဏ်များ လေပြင်းများ တိုက်ခတ်လာမည်ဆိုလျှင် ဒီကျွန်းလေးဆီသွားပြီး ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်အတွင်းမှာရှိသည့် ရေလုပ်သားများသည် ကျွန်းတွင် သွားရောက်ခိုလှုံပြီးမှ မိမိတို့လေမုန်တိုင်းဒဏ်ကို ကာကွယ်ခဲ့ရပါကြောင်း၊ ဒီ ၁၁ ကြိမ်မြောက်ပြီးသည့် အချိန်တွင် ကျော်လွှမ်းမိုးကုမ္ပဏီမှ ကျွန်းကြီးပေါ်ရှိ မိမိတို့ မွေးမြူးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများနှင့် တိုင်ပင်သည့်အခါ ဒေသခံပြည်သူများက သူတို့ကို ဧက ၇၀ ပေးပါကြောင်း၊ ဒီခုံကြီးကလည်း ရေကျသွားသည့် အခါတွင် ဧက ၄၀၀ လောက်ရှိသည့် ခုံကြီးဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့ ငပုတောမြို့ပေါ်ရှိ ဒေသခံပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် စာဖြင့်တင်ပြလာသည့် အတွက်ကြောင့် ယခုမေးခွန်းကိုမေးရခြင်းဖြစ်ပါသည်။ ကျော်လွှမ်းမိုးကုမ္ပဏီနှင့် ညီအစ်ကိုများကုမ္ပဏီကို လုပ်ကိုင်ခွင့်ချ ထားပေးထားခြင်းရှိ/မရှိ၊ ရှိခဲ့မည်ဆိုပါက မည်သည့် နေ့ရက်မှ ခွင့်ပြုခဲ့ပါသနည်း။ ကျော်လွှမ်းမိုးကုမ္ပဏီမှ ဒေသခံပြည်သူများအပေါ် ပြုမူဆောင်ရွက်နေမှုများအား သိရှိခြင်းရှိ/မရှိနှင့် အသက်ပေါင်းများစွာ၊ ပစ္စည်းဥစ္စာပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် ဒေသခံများအပါအဝင် ဆင်းရဲနွမ်းပါးပြီး ကျေးလက်နေပြည်သူ များအား လုပ်ကိုင်စားသောက်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိတို့အား သိရှိလိုပါကြောင်း မေးမြန်းပါသည်။