(ဃ)-ဟားခါးမြို့ရှိ ပြည်တော်သာရပ်နေဦးဒေါ့ကျုံး၏ ဘိုးဘွားပိုင်မြေဧက၄၀ အစားမြေကွက်ဧက၂၀ ကိုပြန်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-20

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လယ်ယာမြေသိမ်းဆည်းမှုကော်မရှင်နှင့် အစီရင်ခံစာ ၃၀ မျိုးကို လာရှင်းပြချိန်တွင် လယ်သမားများပိုင်ဆိုင်မှု သက်သေစာရွက်စာတမ်းနှင့် အသိသက်သေ ၂ ယောက်၊ ၃ ယောက်ရှိပြီး ခိုင်လုံသောအထောက်အထားပြနိုင်ပါက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမကုန်ခင်တွင် လယ်သမားများ၏ လက်သို့ အကုန်အပ်နှံရမည်ဟု ကတိပေးခဲ့ပါကြောင်း၊ ရှင်းလင်းချက်အပေါ် အနယ်နယ်အရပ်ရပ်မှ တောင်သူလယ်သမားများ ဝမ်းမြောက်အားရကြပြီး စောင့်မျှော်နေကြသော်လည်း မိမိတို့ ချင်းပြည်နယ်တွင် တစ်စုံတစ်ခုမျှ လယ်သမားများ မရရှိသေးပါကြောင်း၊ ဟားခါးမြို့ရှိ ပြည်တော်သာရပ်နေ ဦးဒေါ့ကျုံးဘိုးဘွားမြေနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမျှ ဆောင်ရွက်ပေးခြင်း မရှိသေးပါကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်ပြီး ဦးဒေါ့ကျုံးပိုင်နယ်မြေမဟုတ်သော တောင်ကြိုတောင်ကြားတွင် သိုးခြံမြေဧက ၄၀ အစား (၁၀၀ x ၁၀၀) ပေပတ်လည် မြေကွက်တစ်ခု အစားထိုးပေးရန် ခေါ်တွေ့သော်လည်း ပိုင်ရှင်ဦးဒေါ့ကျုံးကလည်း မခံနိုင်ဘဲ ဧက ၄၀ အစား တဝက်ခန့် ဧက ၂၀ ပေးနိုင်မည်ဆိုပါက ခံနိုင်မည်ဟု ပြောခဲ့ပါကြောင်း၊ ထို့ကြောင့် ဦးဒေါ့ကျုံး‌မြေကွက် ၂၀ ကို ပြန်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။