င)-ဘိုကလေးမြို့နယ်တွင်လျှပ်စစ်ဓာတ်အားပိုမိုရ ရှိစေရေးနှင့်လျှပ်စစ်ဓာတ်အားပို့လွှတ်မှုတည်ငြိမ်စွာ ထိန်းချုပ်နိုင်ရေးအတွက်မည်သို့စီမံဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ဘိုကလေးမြို့နယ်သည် မဟာဓာတ်အားလိုင်းမှ ပို့လွှတ်သော လျှပ်စစ်ဓာတ်အားကို အလွန်နည်းပါးစွာရရှိသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားအဝင် ဗို့အားနည်းသည့်အတွက် အိမ်တိုင်းစေ့ လျှပ်စစ်ဓာတ်အား မီးမြှင့်စက်များဖြင့် အသုံးပြုကြရသည့်အပြင် ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရာတွင် အတက်အကျ မြန်ဆန်လွန်ပြီး ဗို့အား ၂၀ မှ ၂၀၀ ကျော်အထိ ချက်ချင်းမြှင့်တက်ခြင်း၊ ဗို့အား ၂၀၀ ကျော်မှ ဗို့အား ၁၀၊ ၁၅ သို့ လျင်မြန်စွာ ကျဆင်းခြင်းတို့ကို ကြိမ်ဖန်များစွာ ကြုံတွေ့နေရပါကြောင်း၊ ထိုကဲ့သို့ အခြေအနေများကြောင့် လျှပ်စစ်မီးမြှင့်စက်များ၊ မီးသီး၊ မီးချောင်းများ၊ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ မကြာခဏ လောင်ကျွမ်းပျက်စီးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အား အတက်အကျ မြန်ဆန်များပြားမှုကြောင့် ဝါယာရှော့မှတစ်ဆင့် ဖြစ်ပေါ်နိုင်သည့် မီးဘေးအန္တရာယ်ကို ဒေသခံပြည်သူများ အလွန်စိုးရိမ်ပူပန်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘိုကလေးမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပိုမိုရရှိရေးနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု တည်ငြိမ်စွာ ထိန်းညှိပေးနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။