(ခ)-YCDCမှရန်ကုန်တိုင်းဒေသကြီး ပြင်ပကားများ အတွက်ကောက်ခံသောမြို့ဝင်ကြေး၊မြို့ထွက်ကြေး များကိုအနယ်နယ်အရပ်ရပ်မှတိုင်းရင်းသားပြည်သူ များအတွက် ဖြေလျှော့ရန် အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-20

မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သည် စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အညီ ရုပ်ဝတ္တုပစ္စည်း ပြည့်စုံဖွံ့ဖြိုးသည့် နေရာလည်းဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ကို မြန်မာပြည်တစ်နှံ့တစ်လျားက တိုင်းရင်းသားများအနေနှင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အစိုးရကိစ္စရပ်များ၊ တရားရေးနှင့်ဥပဒေရေးရာ၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်းစသည့် ကိစ္စရပ်များတွင် မဖြစ်မနေသွားရောက်ခြင်းများရှိပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းသည့်အနေဖြင့် နယ်အသီးသီးမှ မှတ်ပုံတင်ထားသော် ကားများကို တစ်တန်အောက် မြို့ဝင်ကြေး ၄၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့တွင်းနေထိုင် ခဲ့သည့် အချိန်ကာလကိုပါထည့်ထွက်ပြီး တစ်နေ့ ၄၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ မြို့ထွက် ကြေး ကောက်ခံနေမှုများသည် တိုင်းရင်းသားပြည်သူများအနေဖြင့် ခွဲခြားဆက်ဆံခံရမှုနှင့် မကျေနပ်မှုများ ရှိလာသည်ကို ကြားသိရပါကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုကို ယခုကဲ့သို့ ဟန့်တားဖြေရှင်းမှုသည် စီမံ ခန့်ခွဲမှုတစ်ခု အမှန်ဖြစ်သည်ဟု ယူဆလို့မရနိုင်ပါကြောင်း၊  သို့ဖြစ်ပါ၍ YCDC ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး ပြင်ပကားများအတွက် ကောက်ခံသည့် မြို့ဝင်ကြေး၊ နေထိုင်သည့် ကာလအပေါ် တွက်ချက်ကောက်ခံသော် မြို့ထွက်ကြေးများကို  အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား ပြည်သူများအတွက် ဖြေလျှော့ရန်အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။