(ဂ)-ရန်ကုန်မြို့တွင်း ရောင်းချနေသောလမ်းဘေးဈေး ဆိုင်များစနစ်တကျရှိရေးနှင့် နေ့လယ် ၃ နာရီမှည ၁၀ နာရီအထိရောင်းချခွင့်ပြုရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရန်ကုန်မြို့သည် နိုင်ငံတကာက ဧည့်သည်များ ဝင်/ထွက်သွားလာနေသော အဓိကမြို့ကြီးလည်းဖြစ်ပါကြောင်း၊ ယခင် ပါလီမန်အစိုးရလက်ထက်တွင် ညဈေးတန်းများကို ညလုံးပေါက် ဖွင့်လှစ်မှုများရှိခဲ့ပါကြောင်း၊ ဥပမာ လဟာပြင်ဈေးကဲ့သို့သော ဈေးများ၊ ကြည့်မြင်တိုင်ညဈေးတန်းကဲ့သို့ဈေးများ ဖွင့်လှစ်ပေးခြင်း၊ လမ်းစဉ် ပါတီခေတ်တွင်လည်း နေ့လယ် ၂ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပေးထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့ နဝတ၊ နရက၊ လက်ထက်အထိ အချိန်အတိုင်း ရောင်းချခွင့်ပြုထားခဲ့ပါကြောင်း၊ ယခုအခါတွင် နေ့လယ် ၃ နာရီမှ ည ၈ နာရီအထိသာ ခွင့်ပြုထားသည့်အတွက် ဈေးရောင်းချနေသူများအနေဖြင့် ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များ ရောင်းချချိန်သည် ၃ ၊ ၄ နာရီ ပတ်ဝန်းကျင်သာ ရှိသည့်အတွက် ၎င်းဈေးသည်များ၏ စားဝတ်နေရေးအတွက် အချိန်ကိုတိုးမြှင့်ဖွင့်လှစ် ပေးနိုင်ရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ပြီး ဆောင်ရွက်ပေးရန် အရေးကြီးလိုအပ်ပါကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများတွင်လည်း လမ်းမကြီးတချို့တွင် ညနေမှစပြီး ည ၁၀ နာရီခန့်အထိ အခွန်အခပေးသည့် ဆိုင်များကိုရောင်းချခွင့်ပြု ပြီး ည ၁၀ နာရီနောက်ပိုင်းတွင် လူမှုဝန်ထမ်းဝန်ကြီးဌာနက ၎င်းတို့ကျောင်းများမှ ထုတ်လုပ်သည့် ပစ္စည်းကို အခွန်အခမရှိ ညလုံးပေါက် ရောင်းချခွင့်ပြုထားသည် ကိုလည်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရန်ကုန်မြို့တွင်ရှိနေသည့် လမ်းဘေးဈေးသည်များ အနေဖြင့်လည်း စည်းကမ်းစနစ်တကျ သန့်သန့်ရှင်းရှင်း ရောင်းချမည့် ဆိုင်များကို စနစ်တကျရောင်းချခွင့်ပြုရန်နှင့် လက်ရှိသတ်မှတ်ထားသော ည ၈ နာရီ အစား ည ၁၀ နာရီခန့်အထိ ရောင်းချခွင့် ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။