(က)-ကရင်ပြည်နယ်ဒေသခံ တိုင်းရင်းသားများ ၏ နိုင်ငံတော်အစိုးရသစ်အပေါ် ငံ့လင့်မှုအလို့ငှာ အတ္တရံမြစ်ကူး(ချောင်းနှစ်ခွ)ဇက်ကူးတို့ရေယာဉ် တစ်စင်းအား ပြန်လည် ပြေးဆွဲပေးနိုင်ရေး ဦး စားပေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးစောထွဋ်ခေါင်လွင် (ကြာအင်းဆိပ်ကြီး)ကြာအင်းဆိပ်ကြီးဒေသသည် ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့ကိုလည်းကောင်း၊ တခြား ပြည်နယ်/တိုင်းဒေသကြီးများ၏ မည်သည့်မြို့၊ မည်သည့်ဒေသကိုမဆို သွားမည်ဆိုပါက မွန်ပြည်နယ်၏ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ် များကို ကျော်ဖြတ်ပြီးမှသာ တခြားဒေသသို့ ရောက်ရှိနိုင်သော ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့် ဒေသအဖြစ် ယခင်က သတ်မှတ်ထားခြင်းခံရသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ နေ့စဉ် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား၊ ဆက်သွယ်ရေး၊ သာရေး/နာရေး၊ သေရေး/ရှင်ရေးအတွက် သံလွင်ရေကြောင်းဌာနခွဲပိုင် အတ္တရံမြစ်ကူးချောင်းနှစ်ခွ ဇက်ကူးတို့ ရေယာဉ်အဖြစ်သာ ယာဉ်ကြီး/ယာဉ်ငယ်မျိုးစုံ တင်ဆောင်သွားလာနေရာ ၁-၅-၂၀၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ဇက်ကူးတို့ရေယာဉ် ပြန်လည်ရုပ်သိမ်းထွက်ခွာသွားပါ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ပေါင်းကူး ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွ၊ မုဒုံ-မော်လမြိုင်လမ်းကြောင်း ပြတ်တောက်ကာ စက်တပ် လှေငယ်များဖြင့် အဆင့်ဆင့် ပင်ပမ်းခက်ခဲကြီးစွာ သွားလာနေကြရပါကြောင်း၊ မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်ပိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ၊ ဒေသစစ်ဆင်ရေးကွပ်ကဲမှု နယ်မြေများကို ဆက်သွယ်ရာ လမ်းကြောင်းပေါ် နိုင်ငံတော်လုံခြုံရေးတာဝန်၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး တာဝန်များကို ဆောင်ရွက်ရာတွင်လည်း အသုံးပြုရသည့် တစ်ခုတည်းသောလမ်းကြောင်းပေါ်မှ အတ္တရံမြစ်ကူး ချောင်းနှစ်ခွ ဇက်ကူးတို့ရေယာဉ်သည် မရှိမဖြစ် လိုအပ်နေသော ကြားခံတစ်ခုလည်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ယခင် နေ့စဉ်ဖြတ်သန်းသွားလာနေသော ကုန်ရောင်းကုန်ဝယ်ဒေသထွက်သီးနှံများ တင်ပို့မှု၊ အခြေခံစားကုန်များ ပြန်လည်ဝယ်ယူသယ်ဆောင်မှုနှင့် ခရီးသည်တင်ယာဉ်ကြီး/ယာဉ်ငယ် မျိုးစုံ အစင်းရေ ၈၀ မှ ၁၀၀ ဝန်းကျင် လွန်းပျံအသွားအလာ အပြန်အလှန် သွားလာနေမှုလမ်းကြောင်း ချက်ချင်း ပြတ်တောက်သွားခြင်းအတွက် ပတ်ဝန်းကျင်ကျေးရွာများစွာမှ ဒေသခံပြည်သူများ အခက် အခဲ ကြီးမားစွာ ကြုံတွေ့နေရပါ၍ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ရောက်ရှိစ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ နိုင်ငံတော်အစိုးရသစ်ပေါ် ကျေးဇူးတင်ရှိမ ငံ့လင့်မှုအလို့ငှာ အတ္တရံမြစ် ကူးချောင်းနှစ်ခွ ဇာတ်ကူးတို့ရေယာဉ်တစ်စင်းအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။