(ခ)-နန့်စလီချောင်းအား အသုံးပြု၍အသေးစားရေ အားလျှပ်စစ်ထုတ်သော စက်ရုံအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းတွင် ထည့် သွင်းပေးနိုင်ခြင်း ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လျှပ်စစ်မီးရရှိရန်အတွက် လဟယ်မြို့နယ်တွင် ကျီလွယ်ချောင်း၌ ရေအားလျှပ်စစ် စက်ရုံငယ် ၁ ခု၊ လေရှီးမြို့နယ်တွင် လေရှီး-မတူပီချောင်း၌ အသေးစား ရေအားလျှပ်စစ်စီမံကိန်း ၁ ခု၊ နန်းယွန်းမြို့နယ်တွင် တိုင်လွယ်ချောင်း၌ ရေအားလျှပ်စစ်စီမံကိန်း ၁ ခုကို ဆောင်ရွက်သွားရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၏ အမျိုးသားစီမံကိန်းတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ ထို့အတူ ခန္တီးမြို့နယ်အတွင်းရှိ နန့်စလိန်ချောင်းသည် နွေရာသီတွင်လည်း ရေအနက် ၄ ပေ၊ ၅ ပေထိရှိပြီး ရေစီးအလွန်သန်သဖြင့် ရေအားလျှပ်စစ်စက်ရုံငယ်လေးတစ်ခု တည်ဆောက်နိုင်ပါကြောင်း ၎င်းချောင်းကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်နိုင်ပါက အနီးပတ်ဝန်းကျင်ရှိ ပင်လုံရွာ၊ လယ်ကုတ်ကူ၊ ပါဆောင်၊ ကုန်းခေါင်၊ သက်ကယ်တောင်၊ လောင်ဆောက်ကြီး၊ လောင်ဆောက်လေးရွာ၊ လောင်ပ၊ ဆင်သေကျေးရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာကို မီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းဒေသမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံဆိုင်ရာ လုပ်ငန်းအစီ အစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆောင်ရွက်ရန် လျာထားသော်လည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ မပါရှိပါကြောင်း၊ ထို့အတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်းပြီး ကျေးလက်ဒေသမီးလင်းရေးစီမံကိန်း အကောင်အထည်ဆောင်ရွက်မည့့်် စီမံကိန်တွင်လည်း ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ မပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်အတွင်းရှိ နန့်စလိန်ချောင်း၌ အသေးစားရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်ရုံငယ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်းရှိ/မရှိ ကို သိရှိလိုကြောင်း မေးမြန်းပါသည်။