(ဃ)-ချင်းပြည်နယ်ရှိ ခရိုင်မြို့များတွင် ကညနရုံးဖွင့် လှစ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ဦးခွန်လိန်း (ဖလမ်း)ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် ကညနရုံးရှိသော်လည်း သွားရောက်ရန် ခရီးအလွန်ကွာဝေးခြင်း၊ မှတ်ပုံတင်ရန် သတ်မှတ်ချိန်သည် ပွင့်လင်းရာသီ မဟုတ်ပါက အန္တရာယ်များခြင်း၊ သတ်မှတ်ရက်ပေးထားသဖြင့် အချိန်မီသွားရောက်ရန် အခက်အခဲရှိခြင်း၊ သတင်းကို မြို့ပေါ်တွင်သာ အချိန်မီသိရှိရ၍ ဝေးလံခေါင်သီသော မြို့နယ်အစွန်အဖျားရှိ ကျေးရွာများအတွက် အချိန်မီ ဟားခါးမြို့သို့ ရောက်ရှိရန် အခက်အခဲရှိခြင်း၊ လိုင်စင်ထုတ်ပေးရန် သတ်မှတ်သည့်ရက် နည်းလွန်းသဖြင့် ခရီးဝေးမှ လာရောက်သူများ လိုင်စင်ပြုလုပ်နိုင်ခြင်းမရှိဘဲ အလဟသ ပြန်သွားရခြင်း၊ နိုင်ငံတော်မှ ဖောက်လုပ်ပေးသည့် လမ်းများ တိုးတက်လာသည်နှင့်အမျှ ကျေးရွာတိုင်းတွင် ဆိုင်ကယ်များလာခြင်း၊ ယာဉ်လိုင်စင်မရနိုင်သော်လည်း ဆိုင်ကယ်မသုံး၍ မဖြစ်သဖြင့် မြို့ပေါ်ရောက်ရှိသောအခါ ရဲများမှ ဖမ်းဆီးပြီး ငွေဒဏ်ချ၍ မရှိဆင်းရဲသားများအတွက် မြို့ပေါ်လာတိုင်း ဒဏ်ကြေးပေးဆောင်နေရခြင်း၊ ယာဉ်လိုင်စင် ထုတ်ပေးခြင်းသည် နိုင်ငံ့ဝန်ထမ်းများမှ ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်းအပြင် နိုင်ငံ့အတွက် ဘဏ္ဍာငွေရှာပေးခြင်းလည်း ဖြစ်ပါ၍ ချင်းပြည်နယ်ရှိ ခရိုင်မြို့များတွင် က.ည.န ရုံး ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက အထူးကိစ္စအဖြစ် စဉ်းစားပေးရန် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။