(က)-ဘုရားကျောင်းကန်စေတီ၊ပုထိုးများ၊ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များကို လေ့လာရန်ပြုလုပ်စီစဉ် ထားသည့်နေရာများ၊အများပြည်သူဆိုင်ရာနေရာများ တွင် နိုင်ငံတကာအဆင့်မီ အိမ်သာ (Toilet) များ တည်ဆောက်ပေးပြီးဝန်ဆောင်မှုပေး ရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးမြင့်စိုး (ပျော်ဘွယ်)ယနေ့ မိမိတို့ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွား နှစ်သန်းကျော်၊ နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၉၀၀ ကျော်၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားဝင်ငွေ တစ်ဘီလီယံကျော်၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ငါးသန်းကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားရှိပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာနှစ်ဘီလီယံကျော် ရရှိမည်ဟု မျှော်မှန်းထားသည်ကို သိရှိရပါကြောင်း၊  

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ဝင်ငွေတိုးစေသော လုပ်ငန်းဖြစ်သည့်အပြင် အနာဂါတ်တွင်လည်း မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ များစွာရရှိခြင်း၊ ပြည်တွင်းနေ ဟိုတယ် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များ၊ ပြည်တွင်းခရီးသွားကုမ္ပဏီများ နိုင်ငံခြားဝင်ငွေတိုးတက် ရရှိခြင်းတို့ဖြင့်  ပြည်သူလူထုဘဝတိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ရေအိမ် (Toilet) များကို အများပြည်သူများ၊ နိုင်ငံခြားသားခရီးသည်များ၊ စိတ်ချမ်းသာစွာ အခမဲ့အသုံးပြုနိုင်ရန် သီးသန့်ဝန်ထမ်းများထားရှိ၍ အချိန်ပြည့်သန့်ရှင်းသပ်ရပ်စွာ စီမံပေးသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း  ဘုရားကျောင်းကန် စေတီ၊ ပုထိုးများသာမက ယဉ်ကျေးမှု ဆိုင်ရာအမွေအနှစ်များကို လေ့လာရန် ပြုလုပ်စီစဉ်ထားရှိသည့်နေရာများ၊ အများပြည်သူဆိုင်ရာနေရာများတွင် နိုင်ငံတကာအဆင့်မီ Toilet များကို တည်ဆောက်ပေးပြီး ဝန်ဆောင်မှုပေးသင့်သည့်ဟု ယူဆမိခြင်းကြောင့် ထိုသို့ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။