(က)-မာန်အောင်မြို့တွင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများကိုလစာ(၂)ဆရရှိစေရန် နှစ်စဉ်ရ ရှိသောမြို့နယ်အခွန်ရငွေမှခွဲဝေပေးနေသဖြင့်သက် ဆိုင်ရာအစိုးရအဖွဲ့၊ဝန်ကြီးဌာနများမှဝန်ထမ်းလစာ (တစ်)ဆကိုတိုး ပေးနိုင်ခြင်းရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-20

ဦးအောင်စိန် (မာန်အောင်)မာန်အောင်မြို့နယ်သည် ဝေးလံခေါင်းပါးဒေသတွင် ပါဝင်သည့်အတွက် ဝန်ထမ်းအားလုံး လစာ (၂) ဆ ရရှိပါကြောင်း၊ သို့သော် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများက တခြားဝန်ထမ်းများနည်းတူ လစာ (၂) ဆ မရဘဲ လစာ (၁) ဆသာ ရရှိသည့်အတွက် နှစ်စဉ်ရရှိနေသည့် မြို့နယ်အခွန်ငွေများမှ ခွဲဝေပေးနေရပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်မှ အခွန်ရရှိမှုသည် ငွေကျပ် ၅၆၃ သိန်းရှိသော်လည်း မိမိတို့ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများကို ခွဲဝေပေးသည့်အခါ ၃၁၂ သိန်းခန့် မိမိတို့ ပေးရပါကြောင်း၊ မြို့နယ်တစ်ခုလုံးအတွက် လက်ကျန်ငွေ ၁၇၈ သိန်းခန့်သာ ကျန်ရှိသောကြောင့် မြို့စည်ပင်ရေးအတွက် ထိထိရောက်ရောက် မပြုလုပ်နိုင်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးတွင် တိုးတက်မှုမရှိဖြစ်နေပါကြောင်း၊ ထို့ကြောင့် မြို့နယ်က ရရှိသည့် အခွန်ငွေမှ နုတ်ယူခြင်း မပြုဘဲ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာန သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများကို လစာ(၁)ဆ တိုးပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။