(ဂ)-သဘာဝဘေးဒဏ်ကြောင့်တောင်သူလယ်သမား များ၏စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှုအတွက်စိုက်ပျိုး စရိတ်ချေးငွေအကြွေးများအားဆိုင်းငံ့ထားပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးမြင့်ဦး ( သနပ်ပင် မဲဆန္ဒနယ်)၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်း မိုးများစွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ မြို့နယ်များမှာ စပါးစိုက်ဧကများစွာပျက်စီးဆုံးရှုံးခဲ့ခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် အဆိုအဖြစ်တင်ပြ၍ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးပြီး ထောက်ပံ့မှုအပြည့်အဝမရရှိသော တောင်သူ လယ်သမားများ၏ တင်ပြချက်များနှင့်အတူ နိုင်ငံတော်သမ္မတကြီးထံကို မေတ္တာရပ်ခံစာပေးပို့ခဲ့သည့်အတွက်  သမ္မတကြီးက ပြန်လည်စိစစ်ပြီးတင်ပြရန် မြို့နယ်ကိုညွှန်ကြားခဲ့ပါကြောင်း၊၊ သို့သော် တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးခြင်းမရှိဘဲ မြို့ပေါ်သို့ ခေါ်ယူစစ်ဆေးခံရခြင်းတို့ကြောင့် အလုပ်အကိုင်းများ ပျက်ခြင်းနှင့် စရိတ်စက များ ထပ်မံကုန်ကျခြင်းများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးများစွာရွာသွန်းခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်များတွင် စပါးခင်းနှင့် စိုက်ပျိုးသီးနှံများ  ထိခိုက်ပျက်စီးခြင်းများ ထပ်မံဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်ကို တင်ပြခဲ့သော်လည်း ထောက်ပံ့မှုအကူအညီများ လုံးဝမရရှိခဲ့ကြပါကြောင်း၊ ယခုအချိန်သည် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်ရခြင်းဖြစ်သည့်အတွက် အကြွေး နွံနစ်နေတဲ့တောင်သူလယ်သမားတွေမှာ အခက်အခဲများစွာ ကြုံနေကြရပပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးထိခိုက် ဆုံးရှုံးမှုများကို ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်ထိရောက်စွာ ပံ့ပိုးပေးနိုင်ခြင်းရှိ/မရှိနှင့် အမှန်တကယ်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်သော တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးများအား တစ်စုံတစ်ရာလျော်ပေးခြင်း သို့မဟုတ် အကြွေးများဆိုင်းငံ့ ထားနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။