(က)-မင်းကင်းမြို့နယ်၏စီးပွားရေး၊လူမှုရေး၊လမ်းပန်း ဆက်သွယ်ရေးအပေါ်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏သဘောထားမှတ်ချက် နှင့်မင်းကင်းမြို့နယ် ရှိနိုင်ငံ့ဝန်ထမ်းများအားလစာနှစ်ဆတိုးပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဒေါ်ခင်မွှေးလွင် (မင်းကင်း) ဧရိယာ ၁၅၂၇ စတုရန်းမိုင်ရှိသော မင်းကင်းမြို့နယ်သည် တော၊ တောင်၊ လျှိုမြောင်၊ မြစ်၊ ချောင်းများ ပေါများပြီး လူဦးရေတစ်သိန်းကျော်၏ ၈၀ ရာခိုင်နှုန်းသော တောင်သူများအတွက် စိုက်ဧက ၇၀၀၀၀ ဝန်းကျင်ခန့်သာ ရှိပါကြောင်း၊ ရွာချင်းဆက်၊ မြို့ချင်းဆက် ဆက်သွယ်ရေး ခက်ခဲမှုများကြောင့် စီးပွားရေးအခြေအနေသည် လွန်စွာနိမ့်ကျပါကြောင်း၊ မြို့နယ်တွင် ဆက်သွယ်ရေးဖုန်းများ၊ လျှပ်စစ်မီးများ မရရှိသည့်အတွက် လူနေမှုအဆင့် နိမ့်ပါးပါကြောင်း၊ ယခင် နိုင်ငံတော်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုရေးအခက်အခဲဆုံးအဆင့် မြို့နယ်များသတ်မှတ်ပြီး ဒေသစရိတ်ခံစားခွင့် ပေးခဲ့စဉ်က မင်းကင်းမြို့နယ်အနေဖြင့် ရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင်လည်း ဖွံ့ဖြိုးမှုနောက်ကျပြီး လူမှုရေး တိုးတက်ပြောင်းလဲခြင်း မရှိသော်လည်း မြို့နယ် ၁၁၀ အထိ ဒေသစရိတ်ခံစားခွင့်များ ရရှိလာသော်လည်း မိမိတို့ မြို့နယ်မပါဝင်သည့်အတွက် တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒေသစရိတ်ခံစားခွင့်ရှိသော မြို့နယ်များ ပြင်ဆင်သတ်မှတ်စဉ်က တိုင်းဒေသကြီးအစိုးရက ဝေးလံခေါင်သီဒေသအဖြစ် သတ်မှတ်ပေးရန် သုံးသပ်တင်ပြလာခြင်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ပြီး သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိခဲ့ရ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံကို မင်းကင်းမြို့နယ်၏ အခြေအနေအရ တာဝန်ကျဝန်ထမ်းများ လူနေမှု မပြည့်စုံကြသော်လည်း ဝမ်းပမ်းတသာ ထမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်ပြီး လစာနှစ်ဆ သို့မဟုတ် ရှားပါးစရိတ်အနေဖြင့် ခံစားခွင့်ရရှိရေးကို တင်ပြကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ပြီး ပေးပို့လာသည့် မှတ်ချက်များအရ ဆက်သွယ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကိုလည်း ဘဏ္ဍာရေးဝန်ကြီးမှ ဖြေကြားထားသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းကင်းမြို့နယ်၏ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး လွန်စွာညံ့ဖျင်းမှုအပေါ် မည်ကဲ့သို့ သဘောထားမှတ်ချက်ပေးပို့ထားသည်ကို သိရှိလိုပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက မည်ကဲ့သို့ စိစစ်သတ်မှတ်ထားသည်ကို သိရှိလိုပါကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မင်းကင်းမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆတိုးပေးနိုင်ရေးအတွက် စီမံထား ရှိမှုအခြေအနေကို သိရှိလိုကြောင်း မေးမြန်းပါသည်။