(ခ)-၁၆၃/၁၆၇ ပန်းဆိုးတန်းလမ်းရှိစိန်ဘရားသား အဆောက်အအုံနှင့်၁၂၂/၁၃၂(၃၆)လမ်းရှိဂိုဒေါင် တို့အားပိုင်ဆိုင်ခွင့် ပြန်လည်လွှဲပြောင်းပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ စိန်ဘရားသားအဆောက်အဦကြီး၏ ဒုတိယထပ်တွင် နေထိုင်သူ ဒေါ်ကြည်ကြည်ပိုင်ဆိုင်သော စိန်ဘရားသားအဆောက်အဦနှင့် ဂိုဒေါင်ကို ၁၉၆၃ ခုနှစ်က လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ရေး ဥပဒေအရ ပြည်သူပိုင်ပြု လုပ်ရာတွင် ပါဝင်သွားခဲ့ပြီး ၂၆-၂-၁၉၇၇ ခုနှစ်တွင် မူလပိုင်ရှင် ဒေါ်ကြည်ကြည်ထံသို့ စိန်ဘရားသားအဆောက်အဦနှင့် ဂိုဒေါင်၏ တရားဝင်ပိုင်ဆိုင်ခွင့်များကို နိုင်ငံတော်မှ ပုံစံ(၃) အရ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ၁၉၇၇ ခုနှစ်မှ မူလပိုင်ရှင် ဒေါ်ကြည်ကြည်မှ မြန်မာ့အာမခံလုပ်ငန်းသို့ လစဉ် ငှားရမ်းခပေးချေသည့် စနစ်ဖြင့် ငှားရမ်းခဲ့ပြီးနောက် ဆက်လက် ငှားရမ်းလိုသော ဆန္ဒမရှိသည့်အတွက် ပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ၈-၁၂-၁၉၉၂ ခုနှစ်တွင် မြန်မာ့အာမခံလုပ်ငန်းသို့ တင်ပြခဲ့ရာ မြန်မာ့အာမခံလုပ်ငန်း၏ ၂၈-၁၂-၁၉၉၂ ရက်စွဲပါစာအမှတ်၊ အမခ/စီမံ ၁၀ အဆောက်အအုံ ၂၄/၉၂ ဖြင့် အာမခံလုပ်ငန်း ခုနှစ်ထပ်(ရုံးချုပ်) အဆောက်အဦကြီးပြီးစီးသည့် အချိန်တွင် အမြန်ဆုံး လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပါသည်။ မြန်မာ့အာမခံလုပ်ငန်းမှ စိန်ဘရားသားအဆောက်အဦ လွှဲပြောင်းရေးကိစ္စ သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်နေစဉ်ကာလတွင် ပိုင်ရှင်ကွယ်လွန် သွားပါသဖြင့် အမွေအမှုကိစ္စများရှင်းလင်းပြီးမှ လွှဲပြောင်းပေးမည်ကို ပြုလုပ်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၁၇-၇-၁၉၉၆ ရက်စွဲပါစာအမှတ်၊ ဘခ ၃/၅-၁၁၂၂/၉၆ ဖြင့် ညွှန်ကြားခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းတရားရုံးမှ အနိုင်ရရှိ ဒေါ်ဆွေဆွေမြင့်မှ လက်ရောက်ပြန်လည်ရရှိရေးကို သက်ဆိုင်ရာသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအခါ အချင်းဖြစ်အဆောက်အဦအား သက်တမ်းကာလအားဖြင့် ကြာမြင့်လာခြင်း၊ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ မိခင်ကြီး ဒေါ်ကြည်ကြည် ပိုင်ဆိုင်သော စိန်ဘရားသားအဆောက်အဦ၏ မြေညီထပ်၊ ပထမထပ်နှင့် ဂိုဒေါင်တို့အား ၂၃-၆-၂၀၀၀ ရက်စွဲပါစာချုပ်အရ လက်ထိလက်ရောက် လွှဲပြောင်းပေးအပ်ခြင်းအပေါ် မရရှိသည့်အတွက်များစွာ နစ်နာနေလျက်ရှိနေပါသဖြင့် မူလပိုင်ရှင်များအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။