(ဃ)-စစ်ကိုင်းမြို့အတွင်းရှိရပ်ကွက် (၁၀)ရပ်ကွက် အားမိုးရေနစ်ခြင်းမှကင်းဝေးစေရန်နှင့်မြို့၏ ရေဆိုး ထုတ်စနစ် ရေစီးရေလာကောင်းစေရေး (Master Plan) ရေးဆွဲ၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပါသော်လည်း တိုင်းဒေသကြီးရုံးများသည် မုံရွာမြို့ကို ပြောင်းရွှေ့ခဲ့ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သည် စစ်ကိုင်းမြို့တော်တွင် မရှိခြင်းတို့ကြောင့် ဖွံ့ဖြိုးမှုနှေးကွေးခဲ့ရပါကြောင်း၊ စစ်ကိုင်းမြို့သည် ရှေးခေတ် မြန်မာဘုရင်များက ဧရာဝတီမြစ်ဝင်ရာအရပ်ကို တာရိုးဖို့ပြီး မြို့အကွက်ရိုက်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ရေကြီးပါက မြို့၏ အရှေ့တောင်ဘက်၊ စစ်ကိုင်းတံတားကစ၍ အေးမ္မဝတီ ရပ်ကွက်၊ ထားဝယ်ဈေးရပ်ကွက်တို့အထိလည်းကောင်း၊ မြို့အရှေ့ဘက်တွင် စစ်ကိုင်းတံတား အောက်မှာ စပြီး တကောင်းရပ်ကွက်၊ ထုံးဘိုရပ်ကွက်အထိလည်းကောင်း၊ မြို့အနောက်ဘက်တွင် ဘော်ကာရပ်ကွက်၊ ငါးထပ်ကြီးဘုရားအထိလည်းကောင်း တာရိုးဖို့ထားရပါကြောင်း၊ ထိုသို့ မြို့၏ သုံးဘက်သုံးတန် တာရိုးအတွင်းရှိကြသော ထုံးဘိုရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ တကောင်းရပ်ကွက်၊ မင်းလမ်းရပ်ကွက်၊ ပန်ဘဲတန်းရပ်ကွက်၊ ပိုးထန်း၊ မိုးဇာ၊ နန္ဒဝံ၊ ဘော်ဂါ၊ အုတ်ဖုကျင်းတို့သည် နှစ်စဉ် မိုးတွင်းရာသီတွင်းဆိုပါက မိုးရေများမထွက်နိုင်သည့်အတွက် ဧရာဝတီမြစ်ထဲကို စက်များဖြင့် ငွေကုန်ကျေးကျခံပြီး ပြန်လည် ထုတ်ပစ်ရပါကြောင်း၊ မိုးတွင်းမိုးရေနစ်ချိန်တွင် ရေစုတ်ထုပ်စနစ်၊ ရေမြောင်းများ မရှိခြင်းတို့ကြောင့် ညစ်ညမ်းရေများဝင်ရောက်ကာ မြို့သူမြို့သားများ၏ ကျန်းမာရေးကို စိုးရိမ်ကြရပါကြောင်း၊
ထို့ပြင် သမိုင်းဝင်ချောင်းကြီးဖြစ်သော စြင်္ကန်ချောင်းကြီးသည်လည်း အိမ်၊မြေနှင့် တိုက်တာများ ဆောက် လုပ်ခြင်းတို့ကြောင့် ပျောက်လုနီးပါး ဖြစ်ပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့အတွင်းရှိ ရပ်ကွက် ၁၀ ရက်ကွက်အား မိုးရေနစ်ခြင်းမှ ကင်းဝေစေရန်နှင့် မြို့၏ ရေဆိုးထုတ်စနစ်ကောင်းစေရန် ကျွမ်းကျင်ပညာရှင်များမှ Master Plan ရေးဆွဲ၍ နိုင်ငံတော် အဆင့်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်သည် ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။