(င)-သံဖြူ ဇရပ်မြို့နယ် ထင်းရူး ကျေးရွာ ချောင်းဖျား တိမ်ကောသွားပြီးလယ်ယာမြေဧကပေါင်း၄၀၀ကျော် လုပ်ကိုင်၍မရပါသဖြင့်လင်းမသာရွာနှင့်စွပ်ပလောင် ရွာကြား ချောင်းဖျားအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးသိန်းအောင် (သံဖြူဇရပ်) သံဖြူဇရပ်မြို့နယ်ရှိ ကွတ်လေကျေးရွာ၊ စွပ်ပလောင်ကျေးရွာ၊ လင်းမသာကျေးရွာအုပ်စုရှိ လယ်ယာ‌မြေ ဧက ၄၀၀ ကျော်သည် ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊  မြစ်အဆုံကို စီးဝင်နေ သည့် ထင်းရူးကျေးရွာ ချောင်းဖျားသည် တိမ်ကောနေပြီး ရေနှုတ် အားနည်းသည့်အတွက် ရေစီးဆင်းမှုသည်လည်း နှေးကွေး၍ နှစ်စဉ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပါကြောင်း၊ လယ်သမားအချို့သည် စပါးစိုက်ပျိုးမှုကို စိတ်ဝင်စားမှု လျော့နည်းလာခြင်းနှင့် အားကောင်းမောင်းသန် ကျေးလက်မှလူငယ်လူရွယ် အများအပြားက မြန်မာ့လယ်ယာမှ လုပ်ကိုင်ရရှိမည့် ငွေထက်ပိုမို ရရှိသည့် အိမ်နီးချင်းနိုင်ငံ များတွင် ရွှေ့ပြောင်းလုပ်သားဘဝအဖြစ် ကူးပြောင်းသွားခြင်းသည် လယ်ယာကဏ္ဍ မဖွံ့ဖြိုးမှု၏ အဓိကအကြောင်းအရင်းများဖြစ်ပါကြောင်း။ လယ်ယာမြေဧက ၄၀၀ ကျော် နှစ်စဉ်ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့ရသောကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ရန်အတွက် ထင်းရူးကျေးရွာချောင်းဖျားအား ပြန်လည် တူးဖော်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။