(စ)-မြစ်ကြီးနားမြို့၊နန်းကွေ့ကျေးရွာအုပ်စုမှတောင်သူ များ၏လယ်မြေခြံမြေများကိုသီရိဘက်စုံကုမ္ပဏီကစွန့် လွှတ်ပေးနိုင်ခြင်းရှိ/မရှိနှင့်ဦးတိန်ကော်ဇော်တောင် ပါ(၅)ဦးအပေါ်တရားစွဲဆိုထားခြင်းကိုရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဒေါ်ဒွဲဘူ(အင်ဂျန်းယန် မဲဆန္ဒနယ်)လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်း ရေး ကော်မရှင်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၌ ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁)(၂)(၃)အပေါ် အမြန်ဆုံးပြီး ပြတ်အောင်ဆောင်ရွက်ပေးရေးအဆိုတစ်ခုကို တင်သွင်းခဲ့ပါကြောင်း၊ ယင်းအဆိုသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စုတွင် သီရိဘက်စုံ ကုမ္ပဏီ အမည်ဖြင့် မြေဧက ၃၀၀၀ ခန့် လုပ်ပိုင်ခွင့်ချထားပေးခဲ့သည့်မြေတွင် ဒေသခံတောင်သူ (၉၀) ဦး၏ လယ်မြေနှင့် ခြံမြေ စုစုပေါင်း (၄၁၆) ဧက ပါဝင်ခဲ့ပါကြောင်း၊ အဆိုပါကုမ္ပဏီအနေဖြင့် ဧက ၃၀၀၀ ခန့် စိုက်ပျိုးလုပ်ကိုင် ခွင့်ရရှိထားသည့်အတွက် အဆိုပါ (၄၁၆) ဧကကို ပြန်လည်စွန့်လွှတ်ပေးပါက ကုမ္ပဏီ၏အကျိုးစီးပွားကို များစွာ ထိခိုက်နစ်နာမှုမရှိစေနိုင်သဖြင့် မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးသင့်ပါသည်ဟု ဖော်ပြထား ချက်အပေါ် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့ပါကြောင်း၊  သို့သော် အောက်ခြေတွင် ဒေသခံတောင်သူများကို တရားစွဲဆိုခြင်းနှင့် တားမြစ်ချက် အမျိုးမျိုးပေးပို့ခြင်း၊ ဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ကို ကြားသိရပြီး  ယခုအခါ သီရိဘက်စုံကုမ္ပဏီမှခြံ တာဝန်ခံက တရားလိုပြုလုပ်ကာ မြေသိမ်းခံရသူ နန်းကွေ့ကျေးရွာအုပ်စု တောင်သူ (၉၀)၏ ခေါင်းဆောင်များဖြစ်သူ ဦးတိန်ကော်ဇော်တောင်ပါ (၅)ဦး ကို ၂၀၁၂ ခုနှစ်၊ မြေလွတ်၊မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၇ အမှုအမှတ် ၅၈၁/၂၀၁၄ ဖြင့် မြစ်ကြီးနားမြို့နယ်တွဲဖက်မြို့နယ်တရားရုံးမှ အမှုစွဲဆိုထားသည့် အတွက် တရားရင်ဆိုင်နေရသည်ကို ကြားသိရပါကြောင်း။  ထို့ကြောင့် (၁) ပြည်ထောင်စုလွှတ်တော်က ပြန်လည်လွှဲပြောင်းပေးသင့်ကြောင်း အတည်ပြုထားတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ ကျေးရွာ အုပ်စုမှ တောင်သူ (၉၀)ဦး၏ လယ်မြေ၊ ခြံမြေ (၄၁၆)ဧကကို သိမ်းဆည်းထားသောကုမ္ပဏီက စွန့်လွှတ် ပေးနိုင်ခြင်း ရှိ/မရှိ၊ မစွန့်လွှတ်နိုင်ပါက မည်သည့်အတွက်ကြောင့် မစွန့်လွှတ်နိုင်သည်ကို လည်းကောင်း၊ (၂) ဦးတိန်ကော်ဇော်တောင်အပါ တောင်သူ (၅) ဦးအပေါ် တရားစွဲဆိုထားခြင်းကို သီရိဘက်စုံကုမ္ပဏီက အမှုပြန်လည် ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။