(ဆ)-ခန္တီးမြို့နယ်၊ပေါင်ဆိုင်ကျေးရွာ၌တရားမဝင်ရွှေ လုပ်ကွက် လုပ်ကိုင်နေသော ကုမ္ပဏီများနှင့် ချင်း တွင်းမြစ်တစ်လျှောက်တရားမဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အနေဖြင့်သိရှိခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-20

ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိ)စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ‌ပေါင်ဆိုင်ကျေးရွာတွင် ဧက ၅၀၀ ခန့် ရွှေများထွက်သည်ဟုဆိုကာ ၂၀၁၁ ခုနှစ်မှစပြီး လက်ယက်တွင်းများ တူးဖော်နေရာမှ ကုမ္ပဏီကြီးများဝင်ရောက်လာပြီး အကွက်များရိုက်ကာ ဝင်ရောက်တူးဖော်လာကြပါကြောင်း၊ ထိုသို့ လုပ်ကိုင်သော ကုမ္ပဏီကြီးများတွင် သတ္တုတွင်းဝန်ကြီးဌာနမှ တရားဝင်လုပ်ကိုင်ခွင့် ကျထားသော ကုမ္ပဏီများ ရှိသကဲ့သို့ တရားမဝင်ကုမ္ပဏီများကလည်း ၂၀၁၁ ခုနှစ် ၅ လပိုင်းခန့်က စပြီးတူးဖော်လာကြပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တောင်ကုန်းများ ကုန်သလောက်ရှိပြီး သယံဇာတများ ကုန်ဆုံးသွားသည့်အခါ မြေဇာပုံကြီးများ၊ ချိုင့်ကြီးများကို ပြန်လည်ပြုပြင်ပေးခြင်းမရှိဘဲ တရားမဝင် ပြန်လည်ထွက်ခွာသွားကြပါကြောင်း၊ ၎င်းရွှေတွင်းများက မျှောတိုက်ချလိုက်သည့်မြေများသည် ချင်းတွင်းမြစ်အတွင်းကို တိုက်ရိုက်ရောက်ရှိသွားပြီး မြစ်ရေများနောက်ကျိပြီး သောင်များ ဖြစ်ထွန်းလာကာ ချင်းတွင်းမြစ်သည် တဖြည်းဖြည်း တိမ်ကောလာပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းများတွင်လည်း လုပ်ကွက်များ မအောင်မြင်ဘဲ ထွက်ပြေးသွားသည့် ကုမ္ပဏီများကို ၎င်းတို့မထွက်ခွာမီ ဂေဟစနစ် ပျက်စီးသွားခြင်းများ တွေ့ရှိသော်လည်း ပြန်လည်ပြုပြင်ရန် တောင်းဆိုထားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့စာချုပ်ချုပ်ဆိုထားသော စာချုပ်ထဲတွင် ပျက်စီးသွားသည့် ဂေဟစနစ်များကို ပြန်လည်ပြုပြင်ပေးရန် သစ်ပင်များ ပြန်လည်စိုက်ပျိုးပေးရန် ပါရှိသော်လည်း စာချုပ်ပါစည်းကမ်းအတိုင်း ပြန်လည်ပြုပြင်ပေးခဲ့ခြင်း မရှိပါကြောင်း၊ စာချုပ်များ ဖောက်ဖျက်ပြီး တိတ်တဆိတ် ထွက်ခွာသွားသည်ကို ဒေသအာဏာပိုင်များက သိရှိသော်လည်း မည်သည့်အရေးယူဆောင်ရွက်မှုမှ ယခုအချိန်အထိ မရှိပါကြောင်း၊ ယခုအခါ ခန္တီးမြို့နယ်၊ ပေါင်ဆိုင်ကျေးရွာတစ်လျှောက် သယံဇာတများ ကုန်သွားပြီဖြစ်သောကြောင့် မြစ်အထက်ပိုင်းရှိ တိုက်တီးနှင့် တကုန်းကြားတွင် တရားမဝင်ပြန်လည် တူးဖော်နေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်ပံတောင်းတောင်၊ စံပယ်တောင်များသာ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်း တစ်လျှောက် တောတောင်များလည်း ပျောက်ကွယ်သွားပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ခန္တီးမြို့နယ်၊ ပေါင်ဆိုင်ကျေးရွာရှိ တရားမဝင် ရွှေလုပ်ကွက်လုပ်ကိုင်နေသော ကုမ္ပဏီများကို စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဝန်ကြီးဌာနမှ သိရှိခြင်း ရှိ/မရှိ၊ ဂေဟစနစ်ပျက်စီးသွားခြင်းများကို ပြန်လည်ပြုပြင်ပေးခြင်းမရှိသော တရားဝင် တူးဖော်ခွင့်ရရှိသည့် ကုမ္ပဏီများ၊ တရားမဝင်တူးဖော်နေသော ကုမ္ပဏီများကို အရေးယူခြင်း ရှိ/မရှိနှင့် ချင်းတွင်းမြစ်တစ်လျှောက် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ကြောင့် တောတောင်များပျောက် ကွယ်သွားခြင်း၊ ရွာလုံးကျွတ် ပျောက်ကွယ်သွားခြင်း၊ ဂေဟစနစ် ပျက်စီးသွားခြင်းများကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအနေဖြင့် သိရှိမှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။