(ခ)-စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊မင်း ကွန်းဒေသရှိသမိုင်းဝင်ကြက်ထောင့်ကန်တော်ကြီး ကို အချိန်မီ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကြက်ထောင့်ကန်ကြီးသည် စစ်ကိုင်းမင်းကွန်းကားလမ်းဘေး ကြက်ထောင့်ရွာ၏ အနောက်ဖက်ကပ်လျက် တည်ရှိပြီး ခရစ်သက္ကရစ်တွင် ၁၈၁၇ ခုနှစ် ဘိုးတော်ဘုရားကိုယ်တိုင် အကျယ် ပေ ၄၂၀ ပတ်လည်၊ အနက် ၃၁ ပေ ကျောကန်ဘောင်ရိုးတံတိုင်း၊ မုခ်တိုင်၊ ကျောက်လှေကားများ ထည့်သွင်း တည်ဆောက်ခဲ့ သည်ဟု သိရှိရသည့်အတွက် ယခုအခါ သက်တမ်း ၂၀၀ ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ မင်းကွန်းပုထိုးတော်ကြီး သွားသည့် ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့် ဤကန်တော်ကြီး၏ဘေးမှ ဖြတ်သန်းသွားလာရ သော်လည်း ရှေးဟောင်းသမိုင်းဝင်ကန်တော်ကြီးကို မသိကြပါကြောင်း၊ ဤကန်တော်ကြီးသည် မင်းကွန်းဒေသ၏ ကြီးငါးကြီးတွင် ပါဝင်သည့် အထင်ကရကန်တော်ကြီး ဖြစ်ပါကြောင်း၊
ယခုအခါ ရှေးဟောင်းလက်ရာကန်ဘောင်ရိုး၊ တံတိုင်း၊ မုခ်တိုင်၊ ရှေးကျောက်လှေကားများ၏ အချို့ နေရာများတွင် ကွဲအက်ပျက်စီးစပြုနေခြင်း၊ ချုံနွယ်၊ ပိတ်ပေါင်းများ ဖုံးအုပ်နေပြီး မြွေဆိုး၊ မြွေဟောက်နှင့် ဖွတ်ပလက်များ ခိုအောင်းရာ ဒေသကြီးဖြစ်နေခြင်း၊ မှော်များ၊ ရေညှိများနှင့် ညစ်ပတ်သည့် ရေအနည်း ငယ်သာ ရှိနေသည်တို့ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်နေသော သမိုင်းဝင်ကြက်ထောင့်ကန်ကြီး ကို ပြုပြင်ခြင်းအားဖြင့် ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေပြည့် ကန်ကြီးအဖြစ် မြင်တွေ့ရမည်ဖြစ်သည့်အပြင် မြန်မာတို့၏ရှေးဟောင်း ဗိသုကာလက်ရာများကို ပြန်လည်လေ့လာပါကလည်း ရှေးသမိုင်းဝင် အမွေအနှစ်များကို မြန်မာနှင့် ကမ္ဘာကပါ လာရောက်လေ့လာ နိုင်သော နေရာကြီးတစ်ခု ဖြစ်လာနိုင်တို့ကြောင့် သမိုင်းဝင် ကြက်ထောင့်ကန် ကန်တော်ကြီးကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။