(င)-ဟုမ္မလင်းမြို့ပေါ်တွင်ဝိဇ္ဇာသိပ္ပံကောလိပ်တစ်ခု ကိုဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းရှိ ဟုမ္မလင်း၊ ဖောင်းပြင်၊ ခန္တီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသခံပြည်သူအများစုသည်လည်း ကဏ္ဍစုံတွင် များစွာ နောက်ကျကျန်ရစ်နေပါကြောင်း၊ ယခုအစိုးရ လက်ထက်တွင် တိုးတက်မှုအနည်းငယ်ရှိသော်လည်း လိုအပ်ချက် များစွာရှိနေပါကြောင်း၊ ဟုမ္မလင်းမြို့နယ် လူဦးရေသည် ပြောင်းရွှေ့လူဦးရေအပါအဝင် ၂၃၀၀၀၀ ကျော်မျှ နေထိုင်လျက်ရှိပြီး (၆)မြို့နယ်ဆိုပါက လူဦးရေ ခြောက်သိန်းခန့်ရှိပါကြောင်း၊ ၎င်းဒေသမှ နှစ်စဉ် ပျမ်းမျှ ၁၀၀၀ ခန့်အောင်မြင်သည့်အတွက် အောင်ချက်ရာခိုင်နှုန်းနည်းပါကြောင်း၊ ယခုစာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်သော ကျောင်းသားကျောင်းသူများသည် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ၅၈၃ ဦး၊ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တွင် ၃၉၀ ဦး၊ နတလ လက်အောက်ခံကျောင်းများတွင် ၃၃၀ ဦး၊ အဝေးသင်တက္ကသိုလ်တွင် တက်ရောက်သင်ကြားသူ ၁၈၆၅ ဦး ရှိပါကြောင်း၊ တချို့ ငွေကြေးမတတ်နိုင်သော ကလေးများအနေဖြင့် ရွှေမျှောများတွင် ဝင်ရောက်လုပ်ကိုင်ပြီး မလိုလားအပ်သော ပြဿနာများဖြင့် ဘဝပျက်ခဲ့ကြသူများလည်း ရှိပါကြောင်း။ ထို့ကြောင့် ဟုမ္မလင်းမြို့ပေါ်တွင် ဝိဇ္ဇာသိပ္ပံ ကောလိပ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။