(ဆ)-မာန်အောင်မြို့နယ်၊ ကင်းတဲနှင့် မီးလောင်တောင့်ရွာကြားရှိ ဝါးတံတားကို ကွန်ကရစ် တံတားအဖြစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ပြုလုပ် ပေးနိုင်ခြင်းရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မာန်အောင်မြို့နယ်ရှိ ကင်းတဲရွာကြီးနှင့် မီးလောင်တောင့်ရွာကြီးနှစ်ရွာကို ဖြတ်သန်းရာမှာ ပေ ၂၀၀ အရှည်နှင့် အနံ ၁၀၀ ပေ အကျယ် ဝါးတံတားကို ပထမလူထုလုပ်အားနှင့် တည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် လည်း တောင်ကျရေပြင်းသည့်အတွက်ကြောင့် ပြိုကျခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် အစိုးရမှ သစ်သားတံတား ဆောက်လုပ်ရန်ခွင့်ပြုခဲ့ပါကြောင်း၊ ထိုသို့ ဆောက်လုပ်သည့်အခါတွင် အလုပ်သမားများမကျွမ်းကျင်ပါသောကြောင့် တံတားသည်ခိုင်ခံ့မှုမရှိဘဲ တောင်ကျရေပြင်းထန်မှုကြောင့် ရေစီးနှင့်မျောပါသွားခဲ့ပါကြောင်း၊ ထိုအချိန်မှစပြီး၍ အစိုးရအဖွဲ့သို့ ၎င်းတံတားပြန်လည်တည်ဆောက်ပေးရေးအတွက် နှစ်စဉ်တင်ပြ ခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပါကြောင်း၊ ဤတံတားကိုအားကိုးပြီး ချောင်းဝရွာ၊ ဆင်နားချောင်ရွာ၊ အထက်ပြင်ရွာ၊ မီးလောင်တောင့်ရွာ တို့မှ အထက်တန်းကျောင်း ကျောင်းသူ/သားများ၊ ရွာသူရွာသားများမှလည်း မဖြစ်မနေ ဝါးတံတားကို မခိုင်မခံ့ပြုလုပ်ထားရပါသည်။ ထို့ကြောင့် အန္တရာယ်များလှပြီး မကြာခဏ ပြန်လုပ်နေရပါကြောင်း၊ ယခုနှစ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို တံတားချဉ်းကပ်လမ်းအတွက် ကင်းတဲရွာ ဝါးတံတားအထိ ပေ ၁၀၀၀ အနံ ၉ ပေကို မြေ သားလမ်းမှတစ်ဆင့် ကျောက်ခင်းလမ်းအထိ ပြုလုပ်ပေးခဲ့ပါကြောင်း၊ သို့ပါ၍ အထက်ပါ ကင်းတဲရွာနှင့်မီးလောင်တောင့်ရွာကြားရှိ ဝါးတံတားကို ၂၀၁၄-၁၅ နှစ်အတွင်း ကွန်ကရစ်တံတား ပြုလုပ် ပေးခြင်းရှိ/မရှိကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။