(ဃ)-ကောလင်းမြို့အောင်မင်္ဂလာရပ်ရှိဒေါ်ဌေးဌေးဝင်း တရားဝင်ဝယ်ယူခဲ့သောသုဝဏ္ဏရပ်၊အကွက်အမှတ် (၂၉)ဦးပိုင်အမှတ်(၃၂၀က)နှင့်ဦးပိုင်အမှတ်(၃၂၀ခ) တို့ကိုအငှားဂရန်ပယ်ဖျက်ရန်နှင့်စပ်လျဉ်းသည့်မေး ခွန်း
ကောလင်းမြို့၊ သုဝဏ္ဏရပ်ကွက်၊ အကွက်အမှတ်(၂၉)၊ ဦးပိုင်အမှတ် (၃၂၀-က)၊ ဦးပိုင်အမှတ် (၃၂၀-ခ)တို့နှင့် ပတ်သက်၍ လူနေအိမ်ရာဖော်ထုတ်စဉ် မြို့နေရာတိုးချဲ့ချထားရေးကော်မတီက အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တင်ပြအတည်ပြုချက်ရယူခဲ့ပါကြောင်း၊ ခရိုင်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကလည်း ကန့်ကွက်ရန်မရှိကြောင်း၊ အတည်ပြုကြောင်း ပြန်ကြားခဲ့သည့်အတွက် လူနေအိမ်ရာဖော်ထုတ်ပြီး မြေနေရာများကို ချထားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့မြေနေရာချထားရေးကော်မတီက လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ တရားဝင် ချထားပေးခဲ့သည်ကို လေ့လာသိရှိရပါကြောင်း။
ထို့သို့ ချထားပေးခဲ့သည့် မြေကွက်များမှ မြေကွက်အမှတ်(၂၉) ဦးပိုင်အမှတ် (၃၂၀-က)နှင့် ဦးပိုင်အမှတ် (၃၂၀-ခ)ကို မူလအမည်ပေါက် ရသူများထံမှ ဦးလှသိန်းက ဝယ်ယူခဲ့ပြီး ဦးလှသိန်းထံမှ ဒေါ်ဌေးဌေးဝင်းက ဝယ်ယူခဲ့ပါကြောင်း၊ ဦးလှသိန်းက မူလအမည်ပေါက်ရသောသူများထံမှ ဝယ်ယူရာတွင်လည်းကောင်း၊ ဦးလှသိန်းထံမှ ဒေါ်ဌေးဌေးဝင်းက ဝယ်ယူရာတွင်လည်းကောင်း၊ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ၊ စာချုပ်စာတမ်း၊ မှတ်ပုံတင်အက်ဥပဒေများနှင့်အညီ ကောလင်းမြို့ စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးရုံးတွင် မှတ်ပုံတင်ပြီး ကျသင့်သည့် တံဆိပ်ခေါင်းခွန်၊ အခွန်အခများကို အပြည့်အဝထမ်းဆောင်ပြီးမှ ဝယ်ယူခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ဒေါ်ဌေးဌေးဝင်းအနေဖြင့် ပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင် ရောင်းချပိုင်ခွင့်ရှိသူထံမှ ဝယ်ယူခဲ့သည့် တရားဝင်ရရှိခဲ့သော မြေကွက် ၂ ကွက်ကို လမ်းမြေသတ်မှတ်ရန်ဖြစ်၍ ဂရန်ပယ်ဖျက်ခဲ့ခြင်းသည် လူနေအိမ်ယာမြေကွက်အဖြစ် တရားဝင်ချထားပေးပြီး ၁၀ နှစ်ကျော်မှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် နစ်နာမှုများရှိပြီး မူလအခွင့်အရေးများ ဆုံးရှုံးလျက်ရှိပါဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည်နှင့်အညီ နိုင်ငံသားတစ်ဦးဖြစ်သော မူလအခွင့်အရေးများနစ်နာဆုံးရှုံးမှုတွင် ဥပဒေအရ မည်သို့ကာကွယ်ပေးရမည်၊ ကုစားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။