(က)-မူဆယ်မြို့၊ တော်ရွက် ရပ်ကွက်၊ဟိုဆောင် နယ်မြေတွင်နယ်စပ်ဝင်ထွက်ပေါက်ဂိတ်တစ်ခု ထပ်မံဖွင့်လှစ်ပေးရန်မည်သို့စီမံဆောင်ရွက်ပေး မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးစိုင်းဘိုးအောင် (မူဆယ်) မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အကြား နယ်နိမိတ်ဖြတ်ကျော် ဝင်/ထွက်ဂိတ်ပေါက် သုံးပေါက်ဖွင့်လှစ်ထားရှိရာတွင် မှန်ဝိန်းဂိတ်မှ ကုန်ကားအဝင်/ထွက်နှင့် ကျန်အဝင်/ထွက်ပေါက်နှစ်ခုကို နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ၊ သွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခုအခါ မူဆယ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းကော်မတီမှ အကျိုးတူပူးပေါင်း အကောင်အထည်ဖော် ဆောင်နေသည့် မူဆယ်ဗဟိုစီးပွားရေးဇုန်ကို မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ ထိုအခါ ပြည်ပဧည့်သည်များစွာလည်း နယ်စပ်ဖြတ်ကျော်သွားလာရမည့် အလားအလာရှိနေပါကြောင်း၊ ဒါ့အပြင် ခရီးသွားလာရေး အဆင်ပြေဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၆-၁-၂၀၁၅ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါခေါ်ယူပြီး မူဆယ်တွင် လေယာဉ်ကွင်း တစ်ခုတည်ဆောက်ရန် ဆောင်ရွက်နေပါကြောင်း၊ အနာဂတ်ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ပေါက် ဂိတ်တစ်ခု ထပ်မံဖွင့်လှစ်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံမှလည်း BP ၈၂၊ ၈၃ ကြား တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေနယ်စပ်တွင် နယ်စပ်ဝင်/ထွက်ဂိတ်တစ်ခု ထပ်ဖွင့်လှစ်ရေးအတွက် ဒေသအဆင့် အဆိုပြုတင်ပြထားကြောင်းလည်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ တရုတ်- မြန်မာနယ်စပ်ဖြတ်ကျော်ကူးသန်းသွားလာသူများ လွယ်ကူအဆင်ပြေစေရန် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေတွင် အပြည်ပြည် ဆိုင်ရာနယ်စပ်ဝင်/ ထွက်ပေါက်တစ်ခု ထပ်မံဖွင့်လှစ်ပေးရန် မည်သို့စီမံဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။