(က)-မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာကျန်း မာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့အဆင့် တိုးမြှင့်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-20

ဦးဖေသန်း( မြေပုံမဲဆန္ဒနယ်) (948)ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကြာအင်းတောင်ကျေးရွာသည် စစ်တွေ-ရန်ကုန်ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အစိုးရအထက်တန်းကျောင်း၊ ကျန်းမာရေးဌာနများနှင့် စည်ကားသည့်ရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ ၎င်းရွာကိုမှီ၍ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာပေါင်း ၄၀ ရွာမှစ၍ တစ်ဆက်တစ်စပ်တည်း တည်ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာရှိ  မိမိတို့ကျန်းမာရေးဌာနကို ကျန်းမာရေးတိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးလိုက် မည်ဆိုပါက ထိုဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အထူးကောင်းမွန်လာ မည်ဖြစ်ပါကြောင်း၊ မြေပုံ မြို့ရှိ ဆေးရုံကို ရေလမ်းအားဖြင့် ၂ နာရီမှ ၅ နာရီကြာသည့်အတွက် အရေးပေါ်ဆေးကုသခံမည့်လူနာများ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရပါကြောင်း၊ ၎င်းကျန်းမာရေးဌာနကို အဆင့်မြှင်‌့တင်ပေးလိုက်မည်ဆိုလျှင် ကားလမ်းတောက်လျှောက်အပြင် မြင်းပြားနှင့် အမ်းမြို့ကြားရှိ မြင်းပြားမြို့နယ်မြောက်ဘက်ခြမ်း၊ အမ်းမြို့ နယ်တောင်ဘက်ခြမ်းမှ ကျေးရွာများသည် တိုက်နယ်ဆေးရုံတစ်ခုမှမရသည့်အတွက် ထိုနေရာကို လာပြီး ဆေးကုသနိုင်ရန်အတွက် ပိုမိုအဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းရွာများနှင့် ပတ်သက်ပြီး အချိန်မရွေး အချိန်တိုအတွင်း သွားရောက်ဆေးကုသနိုင်ရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုကို ကောင်းနိုင်ရန် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာရှိ ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်တိုးပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။