(င)-မြန်အောင်မြို့နယ်တွင်တပ်မတော်ခလရ(၅၁)မှ သိမ်းယူထားသော မြန်အောင်မြို့အဝင်လမ်းဘေးရှိ လယ်ဧက(၂၀) နှင့်ထန်းပင်(၁၃၀)ကိုမူလပိုင် ရှင်တောင်သူလယ်သမားများထံသို့ ပြန်လည်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဟင်္သာတမြို့မှ ဦးသာအောင်အပါအဝင် လယ်သမား ၈ ဦး၏ လယ်ယာမြေများကို ၁၉၉၂ ခုနှစ်၌ တပ်မတော်မှ လယ်မြေများ သိမ်းဆည်းခဲ့ပြီး အဆိုပါ သိမ်းဆည်းခံ တောင်သူလယ်သမားများကိုပင် တစ်ဧကကို ငါးတင်းနှုန်း ဖြင့် တင်း ၁၀၀ ပေးပြီး စိုက်ပျိုးခဲ့ရပါကြောင်း၊ ၁၉၉၄ ခုနှစ်၌ သီးစားလုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းပြီး အခြားသူများကို သီးခြားလုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပါကြောင်း၊ ထို့နောက် မူလတောင်သူများကို တစ်ဧကို ရှစ်တင်းနှုန်းပေး၍ တင်း ၁၆၀ ပေး၍လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ကိုးတင်းနှုန်းဖြင့် တင်း ၁၈၀ ပေး၍လည်းကောင်း၊ ၂၀၁၀တွင် ၁၀ တင်းနှုန်းဖြင့် တင်း ၂၀၀ ပေး၍လည်းကောင်း လုပ်ကိုင်စေခဲ့ပါကြောင်း၊ အဆိုပါ လယ်မြေများသည် တပ်မတော်၏ လုံခြုံရေးလယ်မြေများမဟုတ်သည့်အပြင် သီးစားချထားသည့်လယ်မြေလည်းဖြစ်ပါကြောင်း၊
ထို့ကြောင့် မြန်အောင်မြို့နယ်တွင် တပ်မတော်ခလရ(၅၁)မှ သိမ်းယူထားသော မြန်အောင်မြို့အဝင် လမ်းဘေးရှိ လယ်ဧက ၂၀ နှင့် လမ်းဘေးရှိလယ်ဧက ၂၀ နှင့် ထန်းပင် ၁၃၀ ကို မူလပိုင်ရှင်တောင်သူ လယ်သမားများထံ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။