(က)-တိုင်းရင်းဆေးပညာရှင်များအားညွှန်ကြားရေး မှူးချုပ်နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးတာဝန် များအထိအဆင့်တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ဦးမြင့်ဦး (သနပ်ပင်) မြန်မာတိုင်းရင်းဆေးပညာရှင်ကြီးများအနေဖြင့် တိုင်းရင်းဆေး ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရန် ရှေးယခင်ကပင်  ကြိုးစားလာခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊  ဝိဓမ္မာတောင်သာ သဘာဝဓမ္မ ဆေးပညာနှင့် သိမ်ဖြူဆေးသိပ္ပံသည်လည်း အလွန်ထင်ရှားအောင်မြင်ခဲ့ပြီး တိုင်းရင်းဆေး ဆရာအဖွဲ့ ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ကြပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးသည် ၁၉၅၃ ခုနှစ်မှစတင်၍ ကျန်းမာရေးဦးစီးဌာနအောက် ဆရာဝန်များ၏ စီမံ အုပ်ချုပ်မှုနှင့် ရပ်တည်လာခဲ့သော်လည်း ၁၉၈၉ ခုနှစ် တိုင်းရင်းဆေးပညာဦးစီးဌာန စတင်တည် ထောင်ခဲ့ချိန်မှ စ၍ ယနေ့အထိ အနောက်တိုင်းဆေးပညာရှင် ညွှန်ကြားရေးမှူးချုပ် ၁၀ ဦး စီမံအုပ်ချုပ် ခဲ့ပါကြောင်း၊ တိုင်းရင်းဆေးပညာဌာနတွင် တိုင်းရင်းဆေးပညာရှင်များက အဓိက ဦးဆောင်မှု တာဝန်ယူခွင့် ရရှိခြင်းမရှိဘဲ အနောက်တိုင်းဆေးပညာရှင်များ၊ ဆရာဝန်များသာ ဦးဆောင်နေသည့်အတွက် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါကြောင်း၊ တိုင်းရင်းဆေး သိပ္ပံကို ၁၉၇၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ရာတွင် တိုင်းရင်းဆေး ဒီပလိုမာရရှိသူ ၂၁၈၇ ဦး၊ တိုင်းရင်းဆေး တက္ကသိုလ်မှ မြန်မာ့တိုင်းရင်းဆေး ပညာဘွဲ့ရရှိသူ ၁၀၉၇ ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊ အခြားဘွဲ့လွန်နှင့် ပါရဂူဘွဲ့များ၊ တိုင်းရင်းဆေး ပညာ သုံးဘာသာ၊ လေးဘာသာနှင့် တိုင်းရင်းဆေးပညာ ၁ နှစ်သင်တန်းဆင်းများရှိသဖြင့် ယခုအခါ တိုင်းရင်းဆေးဆရာအင်အားသည် ၇၀၀၀ ခန့်အထိ ရှိပြီး ခေတ်ပညာတတ် တိုင်းရင်းဆေး ပညာရှင်များလည်း အလုံအလောက်ရှိနေသောကြောင့် တိုင်းရင်းဆေး ပညာဦးစီးဌာနကို ဦးဆောင်နိုင်စွမ်းရှိပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြား ဦးစီးဌာနများကဲ့သို့ ကျန်းမာရေးဦးစီးဌာနအောက်မှာ တိုင်းရင်းဆေးပညာဦးစီးဌာနကို တိုင်းရင်းဆေးပညာရှင်များ အဓိကဦးဆောင်သည့်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသော အခြေအနေ၊ အချိန်အခါ ကောင်းကို ရောက်ရှိနေပြီဟု ရိုးသားစွာယူဆပါကြောင်း။ ထို့ကြောင့်  တိုင်းရင်းဆေးပညာ ဦးစီးဌာနမှာ တိုင်းရင်း ဆေးပညာရှင်များကို အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးတာဝန်များ အထိ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။