(ဂ)-ဘားအံမြို့နယ်အတွင်း ရွေးချယ်တင်မြှောက်ရန် လိုအပ်နေသေးသော ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ခန့်အပ်ရန်လိုအပ်သောစာရေးဝန်ထမ်းများကို၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမီ ဦးစားပေး ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမအကြိမ်ပုံမှန်အစည်းအဝေးအပြီး လွှတ်တော်ရပ်နားချိန်က မိမိ အနေဖြင့် ကျေးရွာများသို့ ရောက်ရှိသည့်အခါ ကျေးရွာအချို့တွင် အုပ်ချုပ်ရေးမှူးအသစ်များ ယနေ့ထက်တိုင် ရွေး ချယ်မြောက်တင်မြောက်ထားခြင်း မရှိသေးပါကြောင်း၊ ထို့အတူ ကျေးရွာအလိုက် လိုအပ်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကူညီရန်အတွက် ရယကစာရေးဝန်ထမ်းများလည်း တချို့နေရာများတွင် လုံးဝမရှိသေး သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများ မရှိသည့်ကျေးရွာ များတွင် ကျေးရွာရှိ ဘုန်းကြီးများကသာ ဦးဆောင်ပြီး စီမံဆောင်ရွက်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းမရှိသေးသော ကျေးရွာများတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမီ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရွေးချယ်တင်မြောက်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အကယ်၍ လုံခြုံရေးအရ အဆင်မပြေပါက ဒေသခံများ ဆန္ဒမဲပေးလိုက မည်ကဲ့သို့ စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ လိုအပ်နေသော ကျေးရွာများတွင် ၂၀၁၅ ရွေးကောက်ပွဲအမီ ဒေသခံတိုင်းရင်းသားများမှ ဦးစားပေး ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။