(င)-မန်တုံမြို့နယ် အရှေ့ဘက်ခြမ်းရှိ နမ့်ဟိုင်းဒေ သ၊နောင်ဆန်းကျေးရွာအုပ်စု၊နားလေကျေးရွာမှနမ္မ တူမြို့နယ်၊မိုင်းရင်ကျေးရွာသို့(၁၀)မိုင်ကွာဝေးသော ခရိုင်ချင်းဆက်လမ်းကိုဖောက်လုပ်ပေးနိုင်ရန်အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန် မေးခွန်း အကြောင်းအရာ
မန်တုံမြို့၏အရှေ့ဘက်ခြမ်း နမ့်ဟိုင်းဒေသသို့သွားလိုပါက ၃၇ မိုင်ကွာဝေးသော နမ္မတူမြို့နယ်သို့ အရင်သွားပြီးမှ နမ္မတူမြို့ ၂၈ မိုင်ကွာဝေးသော နမ့်ဟိုင်းဒေသသို့ ပြန်သွားရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် မန်တုံအရှေ့ဘက်ခြမ်း နမ့်ဟိုင်းအပါအဝင် ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၇၅ ရွာမှ ပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့်ဖွံ့ဖြိုးမှု လွန်စွာနောက်ကျကျန်ရစ်ခဲ့ပါကြောင်း၊ နမ့်ဟိုင်းဒေသရှိ ပြည်သူများသည် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ သွားလိုပါက ၂၈ မိုင်ဝေးသော နမ္မတူမြို့ကိုဖြတ်ပြီး ၎င်းမြို့မှတစ်ဆင့် ၄၄ မိုင်ကွာဝေးသော လားရှိုးမြို့သို့ ၇၅ မိုင်သွားမှ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ နမ္မတူမြို့နယ် မိုင်ရင်ကျေးရွာမှ လားရှိုးမြို့သို့ ၂၈ မိုင်ခန့်ကွာဝေးပြီး အဆိုပါလမ်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဖြစ်ပြီး ယခုအခါ လမ်းအထူး(၁) မှ ကတ္တရာလမ်းအဖြစ် ခင်းလျက်ရှိပါကြောင်း၊ အဆိုပါမိုင်ရင်ကျေးရွာသို့ မန်တုံမြို့နယ် နောင်ဆန်းကျေးရွာအုပ်စု၊ နားလေကျေးရွာအုပ်စု ၁၀မိုင်ခန့်ကွာဝေးသော ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်နိုင်ပါက မန်တုံမြို့နယ် အရှေ့ဘက်ခြမ်း ဒေသဖြစ်သော ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာ ပေါင်း ၇၅ ရွာ၊ လူဦးရေ ၁၂၈၆၇ ဦးတို့မှ ၃၈ မိုင်သာဝေးသော လားရှိုးမြို့သို့ ပိုမိုလွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ မန်တုံမြို့နယ် နားလေကျေးရွာနှင့် နမ္မတူမြို့နယ် မိုင်ရင်ကျေးရွာ ဆက်သွယ်၍ ဖောက်လုပ်လိုသောလမ်းသည် ၁၀ မိုင်ခန့်ရှိပြီး အဆိုပါ လမ်းဖောက်လုပ်ပြီးပါက မန်တုံမြို့နယ် အရှေ့ဘက်ခြမ်းဒေသမှ ပြည်သူများ ယခုသွားလာနေရသော ၇၀ မိုင်အစား ၃၈ မိုင် ဖြင့် လားရှိုးမြို့သို့ သွားရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ၃၄ မိုင်ခရီး သက်သာသည့်အပြင် မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ်မှ ဒေသခံပြည်သူများ လူမှုစီးပွားပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အဆိုပါလမ်းကို ဒေသခံပြည်သူများ ဖြတ်လမ်းအနေဖြင့် သွားလာအသုံးပြုလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မန်တုံမြို့နယ်အရှေ့ဘက်ခြမ်းရှိ နမ့်ဟိုင်းဒေသ၊ နောင်ဆန်းကျေးရွာအုပ်စု နားလေကျေးရွာမှ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာသို့ (၁၀) မိုင်ကွာဝေးသော ခရိုင်ချင်းဆက်လမ်းကို ဖောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။