(ခ)-မိုင်းသော်အနောက်ကျေးရွာအုပ်စုနှင့်အရှေ့ကျေး ရွာအုပ်စု အားပိုင်းခြားထားသည့် နန်းလတ် ချောင်း သစ်သားတံတားကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမြန်ပြုပြင် တည်ဆောက်ပေးရန် နှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-20

ဦးခွန်သိန်းဖေ ( ဟိုပုန်း မဲဆန္ဒနယ်) (1392)နန့်လတ်ချောင်း သစ်သားတံတားသည် မိုင်းသော်အနောက်ကျေးရွာအုပ်စုနှင့် မိုင်းသော်အရှေ့ကျေးရွာ အုပ်စုကြားပိုင်းခြားထားသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ မိုင်းသော်အနောက်ကျေးရွာ အုပ်စုအတွင်းရှိ သိမ်ကုန်း၊ ပန့်ပုန်း၊ တောင်ကြားနှင့် စမ်းချောင်းကျေးရွာများ၏ မရှိမဖြစ်အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး မိုင်းသော် အနောက်ကျေးရွာအုပ်စုရှိ ပြည်သူများသည် အဆိုပါတံတားအား ဖြတ်ပြီး မိုင်းသော်အရှေ့ကျေးရွာအုပ်စု တောင်နီမှတစ်ဆင့် တောင်ကြီး၊ အောင်ဗန်းမြို့များသို့ ဆက်သွယ်သွားလာလျက်ရှိပါကြောင်း၊ အဆိုပါဒေသသည် စီးပွာရေးအချက်အခြာကျသည့် ဒေသဖြစ်ပြီး နေ့စဉ်ရာ သီထွက်သီးနှံများကို မြို့များသို့ တင်ပို့ရောင်းချရာတွင် လိုအပ်သလောက် တင်ပို့နိုင်ခြင်းမရှိဘဲ တံတားခံနိုင်မှုအပေါ်မူတည်ပြီး ထော်လာဂျီစက်များဖြင့် သုံးတန်၊ လေးတန်ခန့်သာတင်ပို့နေရသောကြောင့် အဆိုပါဒေသနေပြည်သူများ ခက်ခဲလျက်ရှိပါကြောင်း၊ နန်လတ်ချောင်းတံတားသည် ၁၉၈၀ ခုနှစ်တွင် သိမ်းကုန်းကျေးရွာ၏ လူထုအင်အားနှင့် ဆောက်လုပ်ခဲ့ပြီး တံတား၏အရှည်သည် ပေ ၁၀၀၊ အကျယ်သည်  ပေ ၂၀ ခန့်ရှိပါကြောင်း၊ ယခု အဆိုပါတံတားသည် သက်တမ်းအားဖြင့် ၃၅ နှစ်ခန့် ကြာမြင့်ပြီဖြစ်သည့် အတွက်ကြောင့် ယိုယွင်းပျက်စီးလျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါတံတားအား နိုင်ငံတော်မှ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။