(စ)-ဖလမ်းမြို့နယ်ရှိ အ.မ.က ပါလ်သဲအတွက် ၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေသည်ယနေ့ အထိ အကောင် အထည်ဖော်ခြင်း မရှိသဖြင့်မည် သည့်နေရာသို့ ရန်ပုံငွေလွှဲပြောင်းခဲ့သည်ကိုသိ လိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိအနေဖြင့် ပထမဦးစွာ မေးခွန်းပါဘဏ္ဍာရေးနှစ်များ မှားယွင်းဖော်ပြမိသည့်အတွက် ခွင့်လွှတ်ပေးရန် ပန်ကြားလိုပါကြောင်း၊ အမှန်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြစ်ပါကြောင်း၊ ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်တွင် ဖလမ်းမြို့နယ်တွင် ဥပဓိရုပ်အဆိုးဆုံးကျောင်းကို တင်ပြရန် ပညာရေးမြှင့်တင်မှုကော်မတီက တာဝန်ပေးသည့်အတွက် ကျောင်း (၃) ကျောင်း တင်ပြခဲ့ရာ (၂) ကျောင်းမှာ ပြီးစီးသွားပြီဖြစ်ပါကြောင်း၊ သို့သော် ကျန်ရှိနေသော (အ.မ.က) ပါလ်သဲမှာ ယခုအချိန်အထိ အကောင်အထည်ဖော်ထားခြင်း မရှိသည်ကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လက မိမိကိုယ်တိုင် ရောက်ရှိပြီး တွေ့မြင်ခဲ့ရပါကြောင်း၊ ကျေးရွာသားများကို မေးမြန်းရာတွင် ရန်ပုံငွေရရှိခြင်း ရှိ/မရှိ ကိုမသိရပါကြောင်း၊ ထို့ကြောင့် ရန်ပုံငွေကို တခြားနေရာများတွင် ပြောင်းရွှေ့ထားခြင်း ရှိ/မရှိ ကျောင်းအတွက် ခွင့်ပြုထားသော ရန်ပုံငွေများ အသုံးမပြု ခြင်းကို ဝန်ကြီးဌာနက သိရှိခြင်း ရှိ/မရှိ၊ ရန်ပုံငွေကို အသုံးမပြုနိုင်ဘဲ ဘဏ္ဍာရေးနှစ်ကျော်လွန်သွားပါက ပြည်ထောင်စုတွင် ပြန်လည်အပ်နှံခြင်း ရှိ/မရှိမရှိနှင့် ကျောင်းပြန်လည်တည်ဆောက်ပေးရန်အတွက် ဘဏ္ဍာငွေချပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။