(ဂ)-ရှားတောမြို့နယ်တွင် ကုန်းမြင့် လယ်ယာဖော် ထုတ်ပေးပြီး လိုအပ်သော နည်းပညာ၊ မျိုးကောင်း မျိုးသန့်၊ အရင်းအနှီးများ ပံ့ပိုးပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေသည့် ရှားတောမြို့နယ်သည် တောတောင်ထူထပ်သော ဒေသဖြစ်သည့် အတွက် စီးပွားရေးခက်ခဲပါကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အဓိကစိုက်ပျိုးရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လယ်မြေထက်ယာမြေမှာ ပိုများပါကြောင်း၊ မြို့နယ်အကျယ်အဝန်း ဧက ၅ သိန်းကျော် ရှိသော်လည်း စိုက်ပျိုးမြေ ဧက ၈၀၀၀ ကျော်ခန့်သာရှိပြီး ကျန်ရှိသည့် မြေများမှာ သစ်တောမြေများနှင့် မြေလွတ်မြေရိုင်းများသာ ဖြစ်ပါကြောင်း၊ မြေယာမရှိသည့် ဆင်းရဲသားပြည်သူများ အနေဖြင့် စိုက်ပျိုးမြေဖော်ထုတ်ရန် အလွန်ခက်ခဲလှပါကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် တောင်ယာများမှာ မိသားစုဝမ်းစာဖူလုံရေးကိုသာ အဓိကထား စိုက်ပျိုးနေရသည့် ရွှေ့ပြောင်းတောင်ယာများသာ ဖြစ်ပါပြီး နှစ်စဉ် ရွှေ့ပြောင်းခုတ်ထွင်ရသည့်အတွက် သစ်တောပြုန်းတီးခြင်းများရှိပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိပါကြောင်း၊ ရှားတောမြို့နယ်အတွင်း သင့်လျော်သည့် နေရာများတွင် အမြဲတမ်းစိုက်ပျိုးနိုင်သော ကုန်းမြင့်လယ်ယာ ဖော်ထုတ်ပေးနိုင်မည်ဆိုပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လက်ရှိသမားရိုးကျ စိုက်ပျိုးနေသော လယ်ယာများကိုလည်း မြှင့်တင်စိုက်ပျိုးနိုင်ရန် လိုအပ်သောနည်းပညာ၊ မျိုးကောင်းမျိုးသန့်များနှင့် အရင်းအနှီးများ ပံ့ပိုးပေးနိုင်ရေးကိုလည်း ပြည်သူများမှ တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ ရှားတောမြို့နယ်အတွင်း ကုန်းမြင့်လယ်ယာဖော်ထုတ်ပြီး လိုအပ်သည့် နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် အရင်းအနှီးများ ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။