(က)-နိုင်ငံတော်အစိုးရနှင့်ကိုယ်စားလှယ်များပူးပေါင်း ၍နိုင်ငံရေးလုပ်ငန်းများတွင်ပါဝင်ခွင့်ရရှိစေရေးဆောင် ရွက်ရာတွင် နိုင်ငံရေး အကျဉ်းသားဟူသည့်စကား ရပ်အပေါ်ရှင်းလင်းစွာအဓိပ္ပါယ်ဖွင့်ဆိုရန်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-20

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ တည်ရှိနေမှုကို အသိအမှတ်ပြုပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီကို ၁၆ ဦးဖြင်‌့ စတင်ဖွဲ့စည်းခဲ့ပြီး နောက် ဆက်လက်၍ ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ် (၄၃/၂၀၁၃) ဖြင့် သမ္မတကြီးကိုယ်တိုင်လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်သုံးဦး ထပ်မံတိုးချဲ့ပြင်ဆင်ပေးခဲ့ပါကြောင်း၊ အဆိုပါ  အမိန့် ကြော်ငြာစာတွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်‌ရေး အတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိနိုင်ခွင့် ရှိစေရေးအတွက် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေနိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပါကြောင်း၊  ထပ်မံ၍  ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ၏ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၅) ဖြင့် နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီကို ၂၈ ဦးဖြင့် ဖွဲ့စည်းပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို လွှမ်းမိုးပယ်ဖျက်ခဲ့ကာ ယခု အချိန်တွင် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး အသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ် တောင်းခံလာသည့်အချိန်တွင် ၁၂-၅-၂၀၁၅ ရက်နေ့အထိ ရပ်တန့်နေသည်ဟု ကြားသိရ ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်သတင်းစာ၌ဖော်ပြခဲ့သော အကျဉ်းထောင်များ ဥပဒေကြား၌ နိုင်ငံရေးအကျဉ်းသားများ အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ် ရေးနေ့ ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့်  အားလုံးပါဝင်ရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီအချို့မှကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်စေရန် အတွက် လိုအပ်လျက်ရှိသော နိုင်ငံရေးအကျဉ်းသားဆိုသည့်စကားရပ်အပေါ် ဥပဒေအရ ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရန်ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။