(က)-နိုင်ငံခြားဈေးကွက်ဝင်နှစ်ရှည်သီးနှံပဲမျိုးဖြစ်သော “ကြယ်ပဲ” (Sacha inchi) ကိုနိုင်ငံခြားရှိသက်ဆိုင် ရာကုမ္ပဏီများ နှင့်ဆောင်ရွက်နေမှု၊ လက်တွေ့နမူ နာပြုစိုက်ပျိုးပြသရာ၌အောင်မြင်မှုရှိ၊မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံခြားဈေးကွက်ဝင် နှစ်ရှည်သီးနှံပဲမျိုးဖြစ်သော “ကြယ်ပဲ” (Sacha inchi)ကို နိုင်ငံခြား တိုင်းပြည်များရှိ သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်နေမှု၊ လက်တွေ့ နမူနာပြု စိုက်ပျိုးပြသရာ၌ အောင်မြင်မှု ရှိ၊ မရှိ သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိအနေဖြင့် နိုင်ငံတော်နှင့် တောင်သူလယ်သမားများ၏အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ရည်ရွယ်ပြီး ကြယ်ပဲ(Sacha inchi) စိုက်ပျိုးရေးနှင့် ပတ်သက်သည့်မေးခွန်းကိုမေးမြန်းလိုပါကြောင်း၊ Sacha inchi ခေါ် ကြယ်ပဲသည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ထွက်ရှိလာမည့် ကြယ်ပဲများကို ကန်ထရိုက်စနစ်နှင့် နှစ်ရှည်စာချုပ်ချုပ်ဆို၍ ဝယ်ယူရန် နိုင်ငံခြားကုမ္ပဏီများက ကမ်းလှမ်းလာသည်ကို တွေ့ရှိရပါကြောင်း၊
သဘာဝနည်းဖြင့် စိုက်ပျိုးထွက်ရှိလာသော ကြယ်ပဲများကို ငါးနှစ်တာကာလအတွင်း တစ်ကီလိုလျှင် ဘတ်ငွေ ၅၀ ဖြင့်ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားပြီး နောက်ငါးနှစ်အတွက် ဈေးအတက်အကျပေါ်မူတည်၍ စာချုပ် ထပ်မံချုပ်ဆိုပြီး ဝယ်ယူသွားမည်ဖြစ်ခြင်း၊ ကြယ်ပဲမျိုးစေ့များကို အဆီထုတ်ယူပြီး ကိုလက်စရောကျဆေးအဖြစ် ဆေးတောင့်(Capsule)အဖြစ်လည်းကောင်း၊ ကြိတ်ဖက်ကို တိရစ္ဆာန် အစာပရိုတင်းအဖြစ်လည်းကောင်း၊ အရွက်များကို လက်ဖက်ခြောက်သဏ္ဌာန်ပြုလုပ်၍ ထုပ်ပိုးရောင်းချနိုင်ခြင်း၊ ရေရှည်တွင် ဈေးကွက် ရရှိရေးအတွက် စိုးရိမ်ဖွယ်ရာမရှိခြင်း၊ ကုန်ချောထုတ်လုပ်မှုနည်းပညာများကို မြန်မာနိုင်ငံအတွင်း ရရှိ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ကြယ်ပဲတွင် မပြည့်ဝဆီ ၄၀ မှ ၆၀ ရာခိုင်နှုန်း၊ ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးကျန်းမာရေးအတွက် အဓိကအရေးကြီးသည့် အိုမီဂါ ၃ ကို ဆော်လမွန်ငါးမှရရှိသော အိုမီဂါ ၃ ထက် ပိုမိုလွယ်ကူစွာ ထုတ်ယူရရှိနိုင်ခြင်း၊ အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြပြီး ကုမ္ပဏီများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ မျိုးစေ့များ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊ ကြယ်ပဲစိုက်ပျိုးသည့် ပထမနှစ်တွင် တစ်ဧကလျှင် အမြတ်ငွေ ၅၉၄၅၀၀ ကျပ် ရရှိနိုင်သည်ကို လက်တွေ့ဆောင်ရွက်ခဲ့မှုများအရ သိရှိရခြင်း၊ ကြယ်ပဲသည် နှစ်ပေါင်း ၄၀ မှ ၅၀ အထိ ဆွတ်ခူးရောင်းချနိုင်၍ တောင်သူလယ်သမားများအတွက် စီးပွားရေး တွက်ခြေကိုက်သည့် နှစ်ရှည်သီးနှံ ပဲပင်မျိုးဖြစ်ခြင်းတို့ကို သိရှိရပါကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်းစေနိုင်မည့် ကြယ်ပဲ(Sacha inchi)ကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံခြားတိုင်းပြည်များရှိ သက်ဆိုင်ရာ ကုမ္ပဏီ များနှင့် ဆက်သွယ်ဆောင်ရွက်နေမှု၊ လက်တွေ့နမူနာပြစိုက်ပျိုးပြသရာ၌ အောင်မြင်မှုရရှိခြင်း ရှိ/မရှိ၊ နိုင်ငံတော် အတွက် နောင်အလားအလာများနှင့် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရေးတို့အပြင် နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး အစီအမံ များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။